အပိုင်း (6)

158 9 1
                                    

နံနက်ခင်း၏ရောင်ခြည်သည် နွေ့မျက်၀န်းများသို့ ကျရောက်လို့လာလေသည်။အချိန်အားဖြင့် နံနက် ၇နာရီခန့်ရှိလိမ့်မည်။အိပ်ရာထက်တွင် လူးလိမ့်ရင်း သူမ၏နံဘေးရှိ လစ်ဟာနေသော နေရာအား အကြိမ်ကြိမ်စမ်းသပ်နေမိသည်။
အိပ်ချင်မူးတူးဖြစ်နေပါသော်လည်း သူမထက်အရင်စောနှင့်စွာ နိုးနေသည့်အစ်မကြောင့် အားနာစိတ်ဖြင့် အမြန်ပင်ကိုယ်လက်သန့်စင်ကာ ဧည့်ခန်းသို့ထွက်လာခဲ့၏။

သို့သော်လည်း မနက်စာပြင်နေဟန်ရှိသည့် အစ်မကြောင့် မီးဖိုချောင်သို့၀င်သွားလေသည်။

"နိုးပြီလားနွေ လာထိုင် အစ်မမနက်စာပြင်ထားပေးတယ်"

တိမ်ညိုသည် သူမ၏အနားရှိထိုင်ခုံအားဆွဲထုတ်လျက် နွေ့အားထိုင်စေသည်။

စားပွဲပေါ်ရှိ အပြင်အဆင်အချို့အားကြည့်လျှင် အုန်းနို့ခေါက်ဆွဲနှင့် ကော်ဖီသာဖြစ်လိမ့်မည်။

အုန်းနို့ခေါက်ဆွဲသိပ်ကြိုက်သည့် နွေ့အကြောင်းအား အစ်မမှသိဟန်ပေါ်သည်။

"ဟိုဘက်ကပန်းကန်ကနွေ့အတွက် ကြက်သွန်မပါဘူး အစ်မဟင်းရည်သွားထည့်လိုက်ဦးမယ်နော် ခဏစောင့်နော်"

နွေပြုံးမိသွား၏။ ဒီလောက်နှစ်တွေကြာသည်အထိတိုင်အောင် နွေ့အကြိုက်အား အစ်မကသိသည်။

အစ်မသည်ဟင်းရည်ပန်းကန်အားကိုင်လျက် ထမင်းစားစားပွဲပေါ်သို့ချလိုက်သည်။
ထို့နောက် နွေ့ပန်းကန်အတွင်းသို့ဦးစွာထည့်ပေးလာ၏။

"အစ်မထဲကိုပဲအရင်ထည့်ပါအစ်မရဲ့"

"မဟုတ်တာနွေရယ်"

အစ်မသည် ဟင်းရည်ဇွန်းဖြင့် နွေ့ပန်းကန်ထဲသို့ ဦးစွာ ထည့်ပေး၏။

အစ်မ၏ယခုပုံစံသည် ဧည့်သည်မို့ဦးစားပေးခြင်းမဟုတ်ဘဲ ညီမဖြစ်သူအားဦးစားပေးနေသည့်အစ်မကြီးတစ်ယောက်နှင့်ဆင်တူ၏။

"ကောင်းရဲ့လားနွေ ဘာလိုသေးလဲ"

ခေါင်းမဖော်တမ်းစားနေသည့်နွေ့အား ကြည့်လျက်မေးလာသည်။
ရုတ်တရက်ဖြစ်သည်မို့ ပလုတ်ပလောင်းနှင့် စကားမပြောနိုင်သေးသောကြောင့် လက်မသာထောင်ပြလိုက်၏။
ထိုသည်ကို အစ်မရယ်သည်။ဟုတ်ပါသည် အစ်မဟာ သူမရဲ့ ဖွေးဥလှသည့် သွားကလေးတွေပေါ်သည်အထိ ရယ်မောနေလေသည်။

မြတိမ်ညိုWhere stories live. Discover now