"ပူတူးရေ .. ကျောင်းနောက်ကျတော့မှာပဲ"
ဘယ်အရာကိုမဆို အမြဲ နှေးတိနှေးကန်လုပ်တတ်လွန်းသည့် ခွန်းမြတ်ခန့်သူ ကို မိခင်ဖြစ်သူ ဒေါ်စန္ဒာလင်းမြတ်က ကျောင်းနောက်ကျမှာစိုးသဖြင့် လောနေခဲ့ရသည်။ ဤသည်မှာ နေ့စဉ်နေ့တိုင်းကြားနေရပါသော ပူတူးတို့အိမ်မှ အသံသာဖြစ်လေ၏။
ခွန်းမြတ်ခန့်သူကို သူနှင့် နီးကပ်ဆက်နွယ်နေသည့် သူအားလုံးက ချစ်စနိုးဖြင့် ပူတူးဟုခေါ်ကြသည်။ တစ်မျိုးလုံး၏ အလေးပေးမှုတွေအပြင် လိမ္မာရေးခြားရှိလှတဲ့ သူ့ကို ဘိုးဘိုး၊ဘွားဘွား၊ ဦးဦး၊ဒေါ်ဒေါ် ၊ကိုကို၊မမ အားလုံးက ချစ်ခင်ကြလေ၏။
ခွန်းမြတ်ခန့်သူမှာ ဆယ်ငါးနှစ်အရွယ်ကောင်ကလေးဖြစ်ပြီး လူနေအိမ်နည်းသည့် သူတို့ရပ်ကွက်ဝန်းအတွင်းမှာတော့ မသိသူမရှိလောက်အောင် ဖြူဖြူဖွေးဖွေး သေးသေးလေးနှင့် လူချစ်လူခင်ပေါများသည်။ သို့သော် တစ်ပါးသူငါနှင့်မဆော့ အိမ်တွင်းအောင်းတတ်သည့် ကလေးလေးဖြစ်ပြီး ဟုတ်ကဲ့ခင်ဗျ မှလွဲလျှင် ကျန်စကားများကို တစ်လုံးနှင့် တစ်လုံး စကားလုံးကွဲအောင်တောင် သူ မပြောပါချေ။ တွေ့သူ မြင်သူတိုင်းက ပူတူးကို ချစ်စနိုး ခေါ်ဆိုမေးမြန်းကြလျှင်လည်း ဟုတ်ကဲ့ခင်ဗျက လွဲလို့ ပြန်မဖြေ။
ဒေါ်စန္ဒာလင်းမြတ်မှာ အနေအေးလွန်းသည့် တစ်ဦးတည်းသောသားဖြစ်သူလေးအတွက် ချစ်အားပိုကာ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင်နေခိုင်းသော်လည်း ဗီဇလေးက ဖျောက်မရခဲ့။ သို့သော် သူ စိတ်ဝင်စားသည့် အရာလေးများဆိုလျှင်တော့ မိခင်ဖြစ်သူနှင့် ရွှန်းရွှန်းဝေအောင် ပြောလေ့ရှိ၏။
ဥပမာ သူသဘောကျသည့် ကာတွန်းကားအကြောင်းဆိုလျှင် အစအဆုံး ပြန်လည် ပြောပြတတ်သည်။ သူသဘောကျသည့် လမ်းထိပ်မုန့်ဆိုင်မှ အရုပ်စက်ဘီးလေးတွေအကြောင်းကိုလည်း ဖောက်သည်ချတတ်သေးသည်၊ နောက်ထပ် သူမ၏သူငယ်ချင်းဖြစ်သူ ဝေဝေအောင်၏ သားကလေး ကောင်းဆက်တည်အကြောင်းကိုလည်း ပူတူးက မေးမြန်းတတ်၏။ ပုံသေလို သတ်မှတ်ထားသည့် အကြောင်းအရာလေးတွေက ပူတူးရဲ့ ခေါင်းထဲအမြဲရှိသည်။
YOU ARE READING
Just want to secretly love you
Romanceကိုကို့ကို တိတ်တိတ်ကလေး ခိုးချစ်မယ် ... ကျွန်တော့်ကမ္ဘာမှာ ကိုကို့ကြောင့်ပဲ ပန်းတွေပွင့်တယ်။ ကောင်းဆက်တည် x ခွန်းမြတ်ခန့်သူ