Part : 3

113 15 2
                                    

အနက်ရောင်ကားလေးက တငြိမ့်ငြိမ့်နှင့် လိုရာသို့နှင်နေသည်။ ကားပေါ်တွင် နှစ်ယောက်အတူရှိနေကြသော်လည်း တိတ်ဆိတ်မှုက လွန်ကဲစွာနှင့်။

ခွန်းမြတ်ခန့်သူက ကောင်းဆက်တည်ကို တိတ်တိတ်ကလေးခိုးကြည့်သည်။ သူ၏လက်တွေက ခါးပတ်ကြိုးကိုမြဲမြံစွာကိုင်ဆွဲလို့ရှိ၏။

ကိုကိုက သူ့ကိုစိတ်ဆိုးသွားတာလား။ မလိုက်ချင်လို့မဟုတ်ဘဲ ကိုကို သဘောမကျမှာစိုးတာကြောင့် သူမလိုက်တာမှန်း ဘယ်လိုရှင်းပြသင့်လဲဆိုတာ မစဉ်းစားနိုင်။

အခုမှ ကိုကိုက ပြန်လာတဲ့ဟာ .. သူကိုကို့ကို စိတ်ဆိုးအောင်လုပ်လိုက်မိပြီ။

ခွန်းမြတ်ခန့်သူက သက်ပြင်းကို လေးလေးပင်ပင်ချလိုက်ရင်း ကောင်းဆက်တည်ကို နောက်တစ်ခေါက်ထပ်ကြည့်လိုက်သည်။ ရုပ်တည်နှင့် ကားမောင်းနေခြင်းကိုသာ အာရုံစိုက်နေတဲ့ ကိုကို့ကြောင့် ပူတူးက ရင်ထဲမှာ ဗလောင်ဆူချင်လာပြီ။ ဒီလိုအခြေအနေကြီးကို ဖြေရှင်းရမယ့် နည်းလမ်းသူ့မှာမရှိနေခဲ့။

ကောင်းဆက်တည် စိတ်ထဲကနေ ဒီကောင်လေးသူ့ကို စကားလုံးလေးတစ်လုံးလောက်တော့ပြောလာဖို့ရာ မျှော်လင့်နေမိ၏။ မျက်လုံးထောင့်မှ မြင်နေရသည့် ထိုကောင်လေးကို အမှန်စင်စစ် သူ့စိတ်ထဲမှာ အူယားနေလေပြီ။

လက်လေးတွေ အချင်းချင်းဆုပ်နယ်နေသည့်ထိုကောင်လေးကြောင့် ကောင်းဆက်တည် ကားအဲယ်ကွန်းကို တစ်ထစ်လျှော့ချပစ်လိုက်သည်။ အဲယ်ကွန်းအပေါက်ကိုလည်း သူ့ဘက်သို့သာ နေရာရွှေ့လိုက်၏။

ကားအတွင်း လှုပ်ရှားမှုလေးတစ်ခုဖြစ်တည်လာတဲ့အခါ ခွန်းမြတ်ခန့်သူက ကိုကို့ဘက်ကို ခန္ဓာကိုယ်တစ်ခုလုံး အတည့်လှည့်လိုက်ကာ ..

"ကိုကို .. ဟို"

နောက်ဆုံးမှာတော့ ခွန်းမြတ်ခန့်သူရဲ့ နှုတ်ခမ်းလေးက ပွင့်ဟလာခဲ့သည်။ ဒါက သူတော်တော်ကြိုးစားပြီး ပြောဆိုနေခြင်း ဖြစ်၏။

"ကျွန်တော် မလိုက်ချင်လို့မဟုတ်ပါဘူး"

ပူတူးက သူ့စကားတွေကို ကိုကို အလွယ်လေးနားလည်သွားစေချင်သည်။ သူ့ကို မကြည့်ဘဲ ကားကိုသာ အာရုံစိုက်နေသည့် ကိုကိုကြောင့် ပူတူးက အောက်နှုတ်ခမ်းကို ဖွဖွလေးကိုက်မိသည်။

Just want to secretly love youWhere stories live. Discover now