ခရီးက ပြန်ရောက်ရောက်ချင်းမှာပင် "ပူတူးက စာမေးပွဲနီးတော့ Stress တွေများပြီး အစားတောင်သိပ်မဝင်တော့ဘူး" ဆိုတဲ့ အန်တီစန္ဒာရဲ့ စကားကြောင့် ကောင်းဆက်တည်ရဲ့ စိုးရိမ်စိတ်ကလေးက တကြွကြွ။
ဒီအတောအတွင်း ကောင်းဆက်တည်မှာ ဖခင်ဖြစ်သူ၏ ကုမ္ပဏီ ကိစ္စများကြောင့် မအားလပ်တာအပြင် သူငယ်ချင်း ဝဏ္ဏတို့ဆိုင်အသစ်ဖွင့်ပွဲအတွက် မန္တလေးအထိ လိုက်ကူပေးနေရခြင်းကြောင့် ပူတူးဆီ သူမရောက်ဖြစ်ခဲ့။
ဖုန်းဆက်သော်လည်း စက်ပိတ်ထားသည့် ဖုန်းကလေးက စာမေးပွဲနီးနေခြင်းကြောင့်မှန်း သူရိပ်မိ၏။ သို့သော် တကူးတကကြီးအဖြစ် အန်တီစန္ဒာဆီကို ဖုန်းမဆက်ဖြစ်ခဲ့ပါချေ။ ယခုမှပင် သူ့မှာ နောင်တကလေး ဝင်လာသလို။
" အခုရော ပူတူးက ဘယ်လိုနေသေးလဲ အန်တီစန္ဒာ "
"ပြန်လာပြီလား သား"
ကောင်းဆက်တည်က မိခင်ဖြစ်သူ၏ အမေးကို ခေါင်းညိတ်ရုံ ဖြေ၏။ သူ့ အာရုံတွေက ပူတူးဆီသို့သာ ရောက်နေလေပြီ။ အန်တီစန္ဒာက လက်ထဲမှအိတ်တွေကို ဆတ်တီပေါ်ချနေသည့် ဆက်တည်ကို ခပ်နွမ်းနွမ်းအပြုံးလေးဖြင့် ကြည့်လိုက်ရင်း ..
"ပိန်သွားတာပေါ့ သားရယ် နဂိုကမှ ပူတူးက သူငယ်ချင်းတွေနဲ့ယှဉ်ရင် သေးရတဲ့ကြားမှ။ အမြဲလိုလိုပါပဲ စာမေးပွဲနီးရင် စာထဲပဲ စိတ်ရောက်ပြီး အစာသိပ်မစားဘူးလေ အခုက Year End ဆိုတော့ ပိုပြီး Stress ဖြစ်နေတာနေမယ်"
" စာလည်းပုံမှန်လုပ်တာပဲကို ဘာစိတ်ပူစရာရှိလဲ ဒီကလေးလေးကတော့"
ကောင်းဆက်တည်က ဆူသလိုလိုလေး ညည်းလိုက်ရင်း ကားသော့ကို ထားလို့ ခြေလှမ်းတွေက အပြင်ဘက်ဆီပြန်ထွက်ရန် ဦးတည်လိုက်သောအခါ ..
"ဘယ်လဲ သား"
"ပူတူးကို သွားကြည့်မလို့ မေမေ"
သို့သော် မိခင်ရဲ့ အမေးကို ဆက်တည် ပြန်ဖြေပြီး တစ်ဆက်တည်းမှာပင် အန်တီစန္ဒာ၏ ပြောစကားကြောင့် သူ့ခြေလှမ်းတွေကိုရပ်ပစ်လိုက်မိသည်။
" ပူတူးက အခု ကျူရှင်သင်နေတယ် သားဆက်တည်၊ သားလည်းခုမှပြန်ရောက်တာမဟုတ်လား နားအုံးလေ။ အန်တီလည်း အိမ်မှာ ဘဲကင်ဝယ်တာနဲ့ ဝေတို့ စားရအောင်ယူလာပေးတာ ကျူရှင်လွှတ်ချိန်လည်းရောက်နေပြီဆိုတော့ အန်တီ ပြန်လိုက်အုံးမယ်။ ဝေ .. တို့ပြန်တော့မယ်နော် "
YOU ARE READING
Just want to secretly love you
Roman d'amourကိုကို့ကို တိတ်တိတ်ကလေး ခိုးချစ်မယ် ... ကျွန်တော့်ကမ္ဘာမှာ ကိုကို့ကြောင့်ပဲ ပန်းတွေပွင့်တယ်။ ကောင်းဆက်တည် x ခွန်းမြတ်ခန့်သူ