Chapter 1

1.2K 148 3
                                    

ထိုကံကြမ္မာအပိုင်းအစလေး သူ့ဘဝထဲကို တိုးဝင်လာခဲ့ပုံက ရိုးရှင်း၍ မြန်ဆန်ခဲ့သည်။ နေရောင်ချည်ဖြာကျသောနေ့တစ်ရက်တွင် မိုးဖွဲမှုန်လေးများ ကျီစယ်ပက်ဖြန်းသွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးကို အေးမြ၍လှပသော အခြေအနေလေး၌ ကျန်ရစ်စေသကဲ့သို့ပင်။

ရွံ့ပေနေသောစေ့ရွက်လေးနှစ်ခုနှင့် အပင်ပေါက်စလေးအား မထင်မှတ်ဘဲ သူ့ပိုက်နက်ထဲသို့ ခေါ်လိုက်မိရာမှ နှစ်လများရှည်ကြာလာသည့်အခိုက်၌မူ ရွက်သစ်လေးများဝေဖြာလျှက် နှလုံးသားထဲထိတိုင် တဖြည်းဖြည်း အမြစ်တွယ်ရန် အစပြုခဲ့လေသည်။

~~~~~~~~~~~~~~~~~~~

ဂျိုဆွန်း၏ ကြက်ပျံမကျ စည်ကားလွန်းသော စျေးလမ်းမကြီး တစ်နေရာတွင်။

ကျောက်စိမ်းဖျော့ရောင်ပိုးထည်သည် တင့်တယ်မှုနှင့် အေးချမ်းမှုကို ဆောင်ကျဥ်း၏။ သို့သော် ဝတ်ဆင်ထားသူ၏ တင့်တယ်အေးချမ်းမှုကိုတော့ဖြင့် မှီနိုင်မည်မထင်ပေ။

သေသပ်လွန်းသော ဝတ်စားဆင်ယင်ပုံနှင့် ငွေစများအပုံပေးကာ ဝယ်ယူရလောက်မည့် တန်ဖိုးကြီးပိုးထည်သည် ထိုစျေးလမ်းတစ်လျှောက် လှည့်ပတ်ကြည့်ရှုနေသူ ငယ်ရွယ်သောသခင်လေး၏ မိုးထိနေလောက်မည့် မျိုးရိုးအဆင့်အတန်းကို ဖော်ပြလို့နေလေသည်။

အသက်အရွယ်အားဖြင့် ငယ်ရွယ်မည့်ပုံပေါ်သော်လည်း ကောင်းမွန်သည့် အရပ်အမောင်း ၊ ပြတ်သားသည့်မေးရိုးနှင့် ကြည်လင်သောအကြည့်တို့က ထိုသခင်လေး၏ ပြည့်ဝသောပျိုမြစ်မှုကို ထင်ရှားစေသည်။

ကောင်းမွန်ကြည်လင်နေသော ဂျိုဆွန်း၏ ရာသီဥတုနှင့်အတူ ပြုံးယောင်ခပ်ဖျော့ဖျော့သန်းနေသည့် မျက်နှာအမူအယာတို့က အနီးဝန်းကျင်မှ မျိုးရိုးမြင့် သခင်မလေးတစ်ဦး၏ စိတ်နှလုံးသားကိုပင် လှုပ်ခတ်စေခဲ့၏။

" အစ်ကိုတော်.. ဟိုဘက်နားက ခန့်ညားလွန်းတဲ့သခင်လေးကို ကြည့်စမ်းပါဦး.. အဝေးကတောင် အရောင်ဝါတွေ တောက်ပနေလိုက်တာ.. ဘယ်အိမ်တော်ကများပါလိမ့် "

မြီးကောင်ပေါက် ညီမဖြစ်သူ၏ သစ်ရွက်နှလုံးသားလေးကို လေပြေတစ်ချက်လို ဝင်ရောက်တိုက်ခတ်သွားသည့် သခင်လေးဆိုသူအား အစ်ကိုဖြစ်သူအနေနှင့် စောင်းငဲ့ကာ လှည့်ကြည့်လိုက်မိသည်။

WONWhere stories live. Discover now