အရိုးခိုက်အောင် အေးခဲနေသော ဆောင်းဥတုသည် နိမ့်ကျသော လူတန်းစားတစ်ရပ်အတွက် အိပ်မက်ဆိုးသဖွယ် ခြောက်လှန့်လျှက်ရှိနေပြီး ဆာလောင်မှုနှင့်ခိုက်ခိုက်တုန်အောင်ချမ်းမှုကို ပြိုင်တူခံစားနေရလေ၏။
အခွင့်ထူးခံလူတန်းစားများသာ အသုံးပြုခွင့်ရှိသော အနွေးဓါတ်ပေးနိုင်သည့် သိုးမွေးထည်များသည် ယခုချိန်တွင် ရတနာတစ်ခုကဲ့သို့ဖြစ်နေပြီး သာမန်အစေခံ အလုပ်သမားများကတော့ဖြင့် အဝတ်ကြမ်းများ အထပ်ထပ်ပတ်၍သာ ခန္ဓာကိုယ်ကို အအေးဒဏ်မှ ကာကွယ်ရလေသည်။
ထိုမျှအေးခဲနေသော ဆောင်းဥတုတွင် မနက်ဝေလီဝေလင်း မြူငွေ့များကြောင့် အနီးပတ်ဝန်းကျင်ကိုပင် သဲသဲကွဲကွဲမမြင်ရသည့် အခြေအနေ၌ ဝန်း အထုပ်တစ်ထုပ်ကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ်ပိုက်၍ နန်းမြို့ရိုးရှေ့၌ ခြေထောက်များထုံကျင်လာသည်ထိ ရပ်စောင့်နေခဲ့ပါ၏။
သူ့ခန္ဓာကိုယ်နှင့် ခြေများလက်များက အထပ်ထပ်ကျပ်စည်းထားသော်လည်း အကာအကွယ်မရှိသည့် မျက်နှာကမူ အအေးဒဏ်ကြောင့် ရဲတွတ်နေလေပြီ။
" ဝန်း "
စောင့်ဆိုင်းနေရမှုသည် ကြာရှည်မခံခဲ့။
အအေးဒဏ်ကို သက်သာလု သက်သာညား သူခြေဖျားလေးများအား ခုန်ဆွခုန်ဆွ လုပ်မိနေသည့်အချိန်တွင်ပဲ နက်ရှိုင်းသည့် ခေါ်သံက အနီးပတ်ဝန်းကျင်မှ ထွက်ပေါ်လာကာ သိပ်သည်းနေသော နှင်းမြူထုကို ထိုးဖောက်၍ လူရိပ်တစ်ရိပ် နီးကပ်လာခဲ့လေ၏။
" သခင်လေး ? "
မြူထုကြောင့် ဘယ်အရာကိုမှ သဲသဲကွဲကွဲမမြင်နိုင်ချိန်တွင် ဝန်း အသံလေးပြန်ပေးကာ အတည်ပြုမိလိုက်တော့ ထိုလူရိပ်မှာ သူ့ထံသို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့လျှက် သူ့တစ်ကိုယ်လုံးအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ဖက်လာလေသည်။
နှလုံးသားထဲထိတိုင် နွေးထွေးသွားစေသော ထိုပွေ့ဖက်မှုတွင် ဝန်း ထိုရင်ခွင်၏ပိုင်ရှင်အား အတည်ပြုလိုက်နိုင်သဖြင့် အလိုက်သင့်ပင် မျက်လုံးလေးမှေးမှိတ်လျှက် ခေါင်းလေးမှီတင်ကာ နားမိပါသည်။
YOU ARE READING
WON
Historical Fictionရေဘေးတွက် ကလေးနှစ်ယောက်နာမည်လေးနဲ့လှုနိုင်ဖို့ fundraising pj လုပ်ခဲ့တုန်းက ပါဝင်ရေးသားဖြစ်ခဲ့တာလေးပါ