" သခင်မကြီး... သခင်မကြီးရယ်
မျက်လုံးတွေကို ဖွင့်ကြည့်လှည့်ပါဦး "အိမ်ခန်းထဲတွင် ဖြူဖျော့နေပြီဖြစ်သော သခင်မကြီး၏ ရုပ်အလောင်းအား ရင်ခွင်ထဲ၌ ပွေ့၍ ငိုကြွေးနေသူ အိမ်တော်ထိန်းအဒေါ်၏ အသံက အက်ကွဲကျယ်လောင်စွာ ထွက်ပေါ်နေသည်။
ဝန်းသည် အခန်းပြင်ပ ခြေခုံနေရာလေး၌ ကုပ်ကုပ်လေးထိုင်နေရင်း သခင်မကြီး၏ လှပသော ချည်ထိုးဖိနပ်လေးများကို အဝတ်တစ်ထည်နှင့် သေသေချာချာလေး သန့်ရှင်းရေးလုပ်ပေးနေမိပါ၏။
နှာတစ်ချက်ရှုံ့လိုက်ချိန်တွင် မျက်ဝန်းထဲမှ မျက်ရည်စများက ကြွေလွင့်လာခဲ့သော်လည်း သူမသုတ်မိခဲ့။
အိမ်တော်က အရှင်သခင် ကင်းမဲ့သွားခဲ့ရလေပြီ။
ဤသို့နှင့် နာတာရှည်အဖျားရောဂါကြောင့် ဆုံးပါးသွားသော သခင်မကြီး၏ ရက်လည်အပြီးတွင် နန်းတွင်းမှ အရာရှိအချို့ နောက်လိုက်အမှုထမ်းများနှင့်အတူ အိမ်တော်သို့ ရောက်ရှိလာခဲ့၏။
" စစ်သူကြီးမိသားစုရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို သေချာသိမ်းဆည်းမယ်.. ကွယ်ထားဝှက်ထားခြင်းပြုရင် ဥပဒေနဲ့ မညီတာကိုသိတယ်မလား "
" ဟုတ်ကဲ့ !!! "
များပြားသော အမှုထမ်းများအားလုံးသည် အိမ်တော်တွင်း နေရာပေါင်းစုံဖြန့်ကျက်လျှက် ပစ္စည်းများအား သိမ်းယူရန် စတင်ချိန်တွင်မူ ဝန်း တစ်ယောက် လက်ရှိအခြေအနေအား နားမလည်နိုင်စွာနှင့် ထိတ်လန့်နေလျှက် အရာရှိထံသို့ ရောက်လာခဲ့ပါသည်။
" ဒါ ဘာလုပ်တာပါလဲ အရာရှိမင်း
ကျွန်တော်တို့ အိမ်တော်က ပစ္စည်းတွေကို ဘာလို့ သိမ်းယူနေတာပါလဲ "" အရှင်သခင်မိသားစု မကျန်ရှိတော့တဲ့ အိမ်တော်ဟာ နိုင်ငံတော်ရဲ့အပိုင်ပဲ.. အခုအထက်အမိန့်နဲ့ လာသိမ်းယူခြင်းဖြစ်တယ်..ဒါပေမယ့် မင်းတို့အစေခံတွေ စိုးရိမ်စရာမလိုပါဘူး.. အရှင်သခင်အသစ်ကို ချီးမြှောက်ပြီးတဲ့အခါ ဒီအိမ်တော်က အစေခံတွေကိုလည်း ဆက်လက်ခန့်အပ်ပေးမှာမို့... "
" ဘာကိုဆိုလိုတာပါလဲ !!! ကျွန်တော်တို့အိမ်တော်က အရှင်သခင် မကင်းမဲ့သေးပါဘူး !! ကျွန်တော်တို့ စစ်သူကြီးပြန်လာဦးမှာပါ !! အခုချက်ချင်း အရာရှိမင်းတို့ရဲ့ လုပ်ဆောင်ချက်ကို ရပ်တန့်ပေးပါ !!! "

YOU ARE READING
WON
Historical Fictionရေဘေးတွက် ကလေးနှစ်ယောက်နာမည်လေးနဲ့လှုနိုင်ဖို့ fundraising pj လုပ်ခဲ့တုန်းက ပါဝင်ရေးသားဖြစ်ခဲ့တာလေးပါ