「 1 」

497 40 12
                                    

[ Unicode Version ]

တိတ်ဆိတ်လွန်းသည့် မနက်ခင်းတစ်ခုဖြစ်ပြီး ပုံမှန်အတိုင်းအိပ်ယာကနေထရသည်မှာလည်း သာမာန်ကိစ္စရပ်တစ်ခု။ ရှုပ်ပွနေတဲ့ဆံပင်တွေကို လက်နဲ့ပိုဆွဲဖွပစ်လိုက်ပြီး သွယ်လျနေသည့်နှာတံကို လက်ညိုးနဲ့နှစ်ချက်လောက်ပွတ်ဆွဲချလိုက်သည်။ ဒါက သူ့ရဲ့အမူအကျင့်လေးတစ်ခုပင်။

သစ်သားဗီဒိုပေါ်က ရေဒီယိုခလုတ်ကိုကောက်နှိပ်လိုက်တော့ မနက်ခင်းတိုင်းနားထောင်နေကြသတင်းနဲ့အတူ ခပ်ငြိမ့်ငြိမ့်သံဇဉ်တစ်ပုဒ်က အခန်းတွင်းကိုလျင်လျင်မြန်မြန်ပဲပျံ့လွင့်လာခဲ့သည်။ အိပ်ယာထဲကနေထပြီး ပြတင်းပေါက်ဆီသွားကာ လိုက်ကာကိုဆွဲဖွင့်လိုက်တော့ နေရောင်ထွက်မလာသေး။ ပုံမှန်အတိုင်းပဲ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး အိပ်ခန်းထဲကနေထွက်သွားလိုက်တော့ မီးဖိုခန်းထဲမှာ အပြုံးလေး‌တစ်ခုနဲ့ မိခင်ဖြစ်သူကစောင့်ကြိုနေသည်။

ဟွမ်ကျွင့်ကျယ်က မေမေ့အနားကိုပြေးသွားကာပင် ပွေ့ဖက်လိုက်သည်။ ၅နှစ်အရွယ်ထဲက ဖခင်ဖြစ်သူကဆုံးပါးသွားခြင်းကြောင့် မိခင်တစ်ယောက်ထဲနဲ့ပဲနေခဲ့ရတဲ့ ကျွင့်ကျယ်က မေမေ့ကိုသိပ်ခင်တွယ်တယ်။ ကျွင့်ကျယ်ကတစ်ဦးတည်းသောသားဖြစ်ပြီး မေမေကလည်း ဖေဖေ့မျက်နှာနဲ့ ဆွေမျိုးရင်းချာတွေကိုကျောခိုင်းခဲ့တာမို့ လက်ရှိ မေမေ့ဘဝထဲမှာ ကျွင့်ကျယ်တစ်ယောက်တည်းသလို ကျွင့်ကျယ်ဘဝထဲမှာလည်းမေမေတစ်ယောက်တည်းသာရှိသည်။

မေမေက မြို့လယ်က လမ်းမကြီးမှာ ကိုယ်ပိုင်အပ်ချုပ်ဆိုင်လေးတစ်ခုဖွင့်ထားပြီး ကျွင့်ကျယ်ကတော့ မေမေ့ကိုကူပေးရင်း ရေဒီယိုအခွေတွေရောင်းတဲ့ဆိုင်လေးတစ်ခုမှာ နေ့လည်ပိုင်းတိုင်းအလုပ်ဝင်လုပ်သည်။ မေမေ့ဆိုင်က ကျွင့်ကျယ်မွေးကတည်းကရင်းဖွင့်လာတဲ့ဆိုင်လေးဖြစ်ပြီး မြို့ထဲကလူတန်းစားပေါင်းစုံကို အဖိုးအခမခွဲခြားဘဲ ဈေးသက်သက်သာသာနဲ့အဆင်ပြေအောင်ချုပ်ပေးတတ်တဲ့ မေမေ့ကြောင့် ဆိုင်က သူ့ဟာနဲ့သူတော်တော်လေးအဆင်ပြေပြေလည်ပတ်နေတာဖြစ်သည်။

ကျွင့်ကျယ်တို့နေတဲ့နေရာကတော့ အနည်းငယ်ဂျောင်ကျပြီး လယ်ကွင်းတွေမြက်ခင်းစိမ်းတွေရှိသည်။ မြို့ထဲကိုသွားဖို့ဆိုရင် ခရီးကတော်ရုံသင့်ရုံပေါက်သည်။ ဒါကြောင့် တစ်ခါတစ်လေ အပ်ခံအထည်တွေပုံလာတဲ့ရက်တွေဆို မေမေက မြို့လယ်ကဆိုင်မှာပဲ ‌ညအိပ်တတ်သည်။

𝑾𝒆𝒍𝒄𝒐𝒎𝒆 𝒕𝒐 ❝ 黄 ❞Where stories live. Discover now