「 8 」

121 22 2
                                    

[ Unicode version ]

မှောင်ရီစပျိုးနေတဲ့အချိန်ဖြစ်ပြီး မြို့ထဲကိုပြန်ရောက်ဖို့ကလည်းလိုသေးတာမို့ ကျွင့်ကျယ်က အနောက်ကနေလိုက်လာတဲ့ဆရာလေးကိုလှည့်ကြည့်ရင်းနဲ့အားနာလာမိသည်။ သူ့ရဲ့ ကြိုတင်မတွေးတတ်ပုံကြောင့် ဒီလိုအဝေးကြီးကိုခေါ်လာခဲ့မိတာပဲ။ ကောင်းကင်ကလည်းတစ်ဖြည်းဖြည်းမှောင်လာပြီး ကျွင့်ကျယ်ရဲ့ဗိုက်ကလေးကလည်းအသံမြည်စပြုလာပြီ။ ဆရာလေးလည်း ဗိုက်ဆာနေတော့မှာပဲ။

ကျွင့်ကျယ်မနေနိုင်တော့တဲ့အဆုံးလမ်းလျှောက်နေတာကိုရပ်ပြီး ဆရာလေးကိုလှည့်ကြည့်လိုက်သည်။

“ ဆရာလေး ! ”

ကျွင့်ကျယ်ရဲ့ခေါ်သံကြောင့်ဆရာလေးကလည်း လမ်းလျှောက်နေရာကနေရပ်သွားပြီး မျက်ခုံးတွေပင့်လာခဲ့သည်။

“ ဘာဖြစ်လို့လဲ ရှောင်ဟွမ် ”

ပြန်ဖြေလာတဲ့အသံက ကြည်ကြည်သာသာပါပဲ။ ရှအိမ်တော်ရဲ့တစ်ဦးတည်းသောဆက်ခံသူကို ကျွင့်ကျယ်ကတော့ ဒုက္ခတွေဆက်တိုက်ပေးနေမိတာပဲ။

“ ဟို ... အခုနေမြို့ထဲပြန်မယ်ဆို အတော်နောက်ကျနေလိမ့်မယ်၊ ဆရာလေး အဆင်ပြေမယ်ဆိုရင် ကျွန်တော့်အိမ်ကို အရင်သွားပြီး ညစားစားကြမလား ”

ခပ်ငြိမ့်ငြိမ့်တေးသွားလေးလိုပဲ ကျွင့်ကျယ်နဲ့ အဲ့ဒီဆရာလေးရဲ့ ဆက်ဆံရေးက တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာတာဖြစ်ပြီး အရမ်းကြီးနေရခက်တာမျိုးတွေမရှိဘူး။ ကျွင့်ကျယ်က ဆရာလေးကို ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တော့ ဆရာလေးက ခဏလောက်ငြိမ်သက်သွားခဲ့ပြီးတော့မှ ခေါင်းငြိမ့်လာသည်။

“ ရတယ်လေ၊ ရှောင်ဟွမ့်အိမ်ပဲမလား သွားကြတာပေါ့ ”

အဆင်ပြေသွားပေမယ့် ကျွင့်ကျယ်က ဆရာလေးကိုအားနာနေသေးသည်။ သူဘာပြောပြောလက်ခံပေးတတ်တဲ့ ဆရာလေးက တကယ့်ကို လူကြီးလူကောင်းတစ်ယောက်ပါပဲ။

ပြောပြီးကာမှ ကျွင့်ကျယ်က ဆက်သွားဖို့ကိုတွန့်ဆုတ်နေပြီး တစ်လှမ်းနှစ်လှမ်း‌လောက်နဲ့ ဆရာလေးက သူ့အရှေ့ကိုရောက်သွားသည်။ ထိုတော့ အနောက်မှာကျန်နေခဲ့တဲ့ကျွင့်ကျယ်ကို ဆရာလေးကပြန်လှည့်ကြည့်လာပြီး ဘာလို့ ဆက်မလျှောက်တာလဲဆိုတဲ့သဘောမျိုးနဲ့ မျက်ခုံးတွေပင့်ပြလာခဲ့သည်။

𝑾𝒆𝒍𝒄𝒐𝒎𝒆 𝒕𝒐 ❝ 黄 ❞Where stories live. Discover now