p 2
"ဝူးးးဝူးးးဝူးးးးးးး"
အပြာရောင်တောက်တောက် R6ဆိုင်ကယ်ကို လီဗာတဗြင်းဗြင်းဆွဲရင် ဒီလိုမြေနီလမ်းမှာမောင်းရတာက ခင့်အတွက်တော့ အရသာတစ်မျိုးပင်။ မနက်စောစော မှော်ထဲသွားပြီး အခုမှပြန်လာခြင်းဖြစ်သည်။ ဆိုင်ကယ်ကို ဆင်းတွန်းကာ ခြံထဲထည့်သိမ်းလိုက်တော့ အိမ်ပေါက်ဝမှာစောင့်နေသည့် အိမ်အကူကောင်မလေး မိထားက ခင့်အနား ပြေးလာသည်။
"မမလေး ဒီမှာ အန်ကယ်လေးက အိမ်ဖုန်းကိုဆက်တယ် မမလေးဖုန်းက မကိုင်လို့တဲ့"
မိထားပြောမှ ဘောင်းဘီအိတ်ထဲက ခင့်ဖုန်းကိုထုတ်ကြည့်တော့ ပါပါး၏ misscallများက နီနီရဲရဲ။
"သြော် အေးအေး ငါပြန်ဆက်လိုက်မယ်။ ငါ့ရေဘူးလေးသွားယူပေးပါအုံး"
"ဟုတ်ကဲ့ မမလေး"
မကြာလိုက်ပါ အိမ်ထဲက ပြန်ပြေးထွက်လာသည့် မိထား၏လက်ထဲမှ ရေဘူးကိုယူကာ တစ်ငုံလောက်မော့ရင်း ပါပါးဖုန်းကိုပြန်ခေါ်လိုက်သည်။
စကားဘယ်လောက်ပြောချင်နေမှန်းမသိသည့်ပါပါးက ခင့်ဖုန်းကို ချက်ခြင်းတန်းကိုင်ပါ၏။
"ခင်သျှားဝဠာ"
ပါပါး၏ အသံခပ်အေးအေးကြောင့် ခင့်လက်ထဲကရေဘူးကို ဘေးကမိထားဆီပေးလိုက်ပြီး ဝရန်တာကထိုင်ခုံပေါ် ခြေချိတ်ထိုင်လိုက်ကာ ဖုန်းဖြေလိုက်သည်။
"ရှင့် ပြောပါ ပါပါးရေ"
ဆောင်းရာသီမို့ နေ့ခင်းဘက်တောင် ဒီမှာကချမ်းစိမ့်စိမ့်။
"ဘယ်နေ့ရန်ကုန်ပြန်ဆင်းမှာလဲသမီး"
ပါပါး၏အမေးကြောင့် နံရံပေါ်ကပြက္ခဒိန်ကိုခင်ကြည့်မိပြန်၏။ ဒီနေ့က ၂၆ရက်နေ့။
"နောက်လကုန်လောက်ပေါ့ ဖေဖေရဲ့"
"သမီးကျောင်းပျက်ရက်တွေများနေပြီနော်။ နောက်နှစ် G-12တက်ဖို့တောင်အချိန်ရပါ့မလား"
ပါပါးပြောတာလည်းမမှား အခုG-11တောင် ခင့်မှာ တစ်လကို ၂ပတ်ပဲကျောင်းတက်နိုင်တာ။ ထို့ကြောင့် ပါပါးနဲ့ဒယ်ဒယ်နဲ့ထက်သျှားတို့ကို တွေ့ရတဲ့အချိန်က သိပ်မရ။ အိမ်ကိုတစ်ခါတစ်ခါလွမ်းပေမဲ့ စီးပွားရေးလုပ်ဖို့ကိုပဲလူကဦးစားပေးမိပြန်သည်။ ဒီမှာက ကျောက်စိမ်းအထွက်များတော့ လုပ်ကွက်တွေကို အရိပ်တကြည့်ကြည့်နဲ့ကိုင်တွယ်နေရတာ။ G-11နွေရာသီကျောင်းပိတ်ရက်ပြီးရင်တော့ G-12အတွက် သေချာအာရုံစိုက်ပြီး အားထုတ်မှပါလေ။