ကျောင်းမတက်သေးတာကြောင့် စိန်ပန်းပင်လေးအောက်မှာ မိုးဆွေ မတ်တပ်ရပ်ကာ လက်ပိုက်ပြီး ကောင်းကင်ကြီးကို ငေးကြည့်နေလေသည်။
ကောင်းကင်ကြီးကို ကြည့်နေစဉ် အတွေးထဲမှာ ဆုနှင်းလေးက ရောက်လို့လာသည်။
မိုးဆွေ ကောင်မလေးရဲ့ ပြုံးရယ်နေတဲ့မျက်နှာကလေးကို မြင်ယောင်နေမိသည်။
သူ့နှလုံးသားလေးဟာ ဒီကောင်မလေးနဲ့ ပတ်သက်ပြီး တစ်ခုခုရှိနေမယ်ဆိုတာ သူယုံကြည်သည်။ကောင်မလေးအကြောင်းတွေ ပိုလို့သိချင်မိသည်။
အရင်တစ်ခါက မာလာရှမ်းကောဆိုင်မာ ကောင်မလေးနဲ့အတူတူရှိနေတဲ့ အမျိုးသားကရော ဘယ်သူလဲဆိုတာမေးချင်သည်။တစ်ချိန်တော့ မေးခွင့်ရမယ်ထင်ပါရဲ့။
Ring.....Ring
"Hello တူလေး"
"တီတီမိုးဆွေ...ဒီတစ်ပတ်ကျောင်းပိတ်ရင် ရွာကို ပြန်လာပါဦးလား...မတ္တရာမှာ အချစ်တွေများတွေ့နေလို့ အိမ်ကိုပြန်မလာတာလား"
"ဟား...ခစ်ခစ်...ဆက်မျိုးသန့်!
ကိုယ့်တီတီကိုဆို အမြဲစနေလိုက်...
အချစ်ဆိုတာ ဘာလဲ တီတီမှ မသိတာလေကွယ်...
ငါ့တူလေးက သင်ပေးမှ တီတီသိမှာပေါ့"မိုးဆွေသန့် တူဖြစ်သူ ကိုဆက်ကို ပြန်စလိုက်သည်။
သူ့တူလေးနဲ့ တူမလေးက သူ့ရဲ့ အချစ်ကလေးတွေဖြစ်သလို သူငယ်ချင်းဆိုလည်းမမှား။အဒေါ် တူ/တူမ ဆက်ဆံရေးဆိုတာထက် သူငယ်ချင်းလိုဆက်ဆံတာက ပိုများကြသည်။
စိတ်ခံစားချက်တွေဆို ဖုံးကွယ်နေစရာမလိုဘဲ အရာရာတိုင်ပင်ကြသည်။
တူလေးနဲ့ တူမလေးဟာ သူ့ဘဝအတွက် အရေးပါတဲ့နေရာမှာ နေရာယူထားပြီးသားဖြစ်သည်။
"သားမှာ အခု ဘာမှရှိမနေဘူးနော်...သားနှလုံးသားလေးရဲ့ ကလေးငယ်ကို စောင့်နေတာ"
"ဘယ်သူလဲ ...ဘယ်ကလဲ"
"နောက်ကြမှ ပြောပြမယ်လေနော်....ဒါနဲ့တီတီ... သားနဲ့ချစ်ဇော်နဲ့ မနေ့က ဖေဖေ့ဆီကနေ ကောင်းကောင်းကြီး ဆူခံလိုက်ရတယ်...ခစ်...ဖေဖေ ဒေါသထွက်တာ အရမ်းပဲသိလား...အစက ကြက်မွှေးကြီး ကိုင်ပြီး ရိုက်တော့မလို့နေမာပေါ့...ဒါပေမယ့် သနားသွားလို့ထင်ပါရဲ့ မရိုက်ဘူးသိလား...ကွမ်းခြံပဲ ပေါင်းနှုတ်လိုက်ရတယ်"