ဆုနှင်းတစ်ယောက် တီချယ့်ရုံးခန်းထဲတွင် တီချယ်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေရသည်။
"ဒါဘာလဲ ဆုနှင်း"
တီချယ်က သူ့ရှေ့ကို တိုးပေးသော အရာလေးကို မြင်သော် ဆုနှင်းအံ့အားသင့်သွားသည်။
သူ့ရဲ့ အသဲပုံအပြာလေး။တီချယ့်ဆီ ဘယ်လိုရောက်နေသလဲကို သူစဉ်းစားနေမိသည်။
ပြီးတော့ တီချယ့်ရဲ့ညာဘက်လက်မှာ စီးထားသော ပက်တီးဖြူလေးကြောင့် သူ့နှလုံးသားဟာ နာကျင်ရပြန်သည်။
တီချယ်အကြောထုံးတာပဲဖြစ်လိမ့်မည်။
ဘယ်လက်ရော ညာလက်ရော သန်တဲ့ တီချယ်က မနက်က စာသင်ခန်းထဲမှာ ဘယ်လက်ကိုသာ အသုံးပြုပြီးသင်ကြားသွားတာဖြစ်သည်။မနက်ကတည်းက တီချယ့်လက်ကလေးကိုစိတ်ပူနေရတာဖြစ်သည်။
"ကိုယ် မနေ့က ကော်ရစ်တာမှာ ပြန့်ကျဲနေတဲ့ စာအုပ်တွေဘေးကနေ ဒါလေးကို ရလာတာ"
သူ့အားစူးစိုက်ကြည့်နေသော တီချယ့်မျက်ဝန်းက အဖြေကို သိချင်နေပုံရသည်။
"ဒါဘာလဲ ကိုယ့်ကိုရှင်း "
"သမီးရေးထားတာပါ တီချယ်"
"အင်းသိတယ်...မင်းရဲ့လက်ရေးဆိုတာသိတယ်...
တစ်ယောက်ယောက်က မင်းကို ရေးခိုင်းတာလား...ဒါမှမဟုတ် မင်းက တစ်ယောက်ယောက်ကိုရေးတာလား...စာကိုဖတ်ကြည့်ရသလောက် မိန်းကလေးတစ်ယောက်ကို ရည်ရွယ်ပြီး ရေးထားတယ်ဆိုတာ ကိုယ်သိတယ်"ဆုနှင်း တီချယ့်ကို ဘယ်လိုပြန်ပြောလိုက်ရမလဲ။
သူ့အဖြေဟာ တီချယ်ကို စိတ်ပျက်မသွားစေချင်ပါ။
တီချယ်ကို နည်းနည်းလေးလောက်တောင် မငြိုငြင်စေချင်။"တီချယ်...သမီးတောင်းပန်ပါတယ်"
"မတောင်းပန်နဲ့! ကိုယ်ဖြေရှင်းချက်ကို သိချင်တယ်"
"သမီးမှာ ရည်းစားမရှိပါဘူး"
"ပညာသင်နေချိန်မှာ အချစ်ကို ဦးစားမပေးနဲ့ဦး ဆုနှင်း...မင်းရဲ့စိတ်တွေက အချစ်ဘက်စိတ်ရောက်သွားရင် ပညာရေးဘက်မှာ နှောင့်နှေးသွားလိမ့်မယ်...
မင်းသဘောကျတဲ့ မိန်းကလေးဆိုတာလည်း မင်းတကယ်ချစ်ရင်မှချစ်လိမ့်မယ်...မင်းအရွယ်က စိတ်ကစားတဲ့အရွယ်"