အပိုင်း 26

672 49 33
                                    

ဂျောက်

ရေချိုးခန်းတံခါးဖွင့်သံနဲ့အတူ ထွက်ပေါ်လာသော တီချယ်။
တဘက်လေးကို ခေါင်းမှာပတ်လို့ထားသည်။
ဖြန့်ထားသော ဆံနွယ်နက်နက်ကလေးတွေမှာ ရေစက်ကလေးတွေက တွဲခိုလို့နေသည်။

သူ့အားတစ်ချက်သာစူးစိုက်ကြည့်ပြီး လုပ်စရာရှိတာတွေလုပ်နေတဲ့တီချယ်။
ဆုနှင်း ထိုင်နေရာကနေ ထကာ တီချယ့်အနားကို ဖြေးဖြေးလေး သွားလိုက်သည်။
ခြေလှမ်းတွေက ပုံမှန်ထက် ပိုပြီးနှေးနေ၏။

"တီချယ်...ဆု ဆံပင်သုတ်ပေးမယ်"

"ရတယ်...ကုတင်ပေါ်မှာပဲထိုင်နေ ဆု"

တီချယ့်ဆီသွားနေတဲ့ ခြေလှမ်းတွေဟာ လမ်းတစ်ဝက်မှာပင်ရပ်လို့သွားသည်။
ဆုနှင်း နောက်ပြန်လှည့်ကာ ကုတင်ပေါ်မှာသာ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

မိုးဆွေ ဆုနှင်းကို ဆံပင်သေချာမသုတ်ခိုင်းတာဖြစ်သည်။
ဒီကောင်မလေးစိတ်ကို နေရခက်အောင် တမင်အပြစ်ပေးလိုက်ခြင်းပင်။
မျက်နှာငယ်လေးနဲ့ ဆုကို သူသနားပေမယ့် အပြစ်ရှိရင် လုံးဝခွင့်မလွတ်တတ်ဘူးဆိုတာ ကောင်မလေးသိအောင်ပြရမည်။

ဆံနွယ်တို့ကို အလယ်တည့်တည့်ကနေခွဲကာ ရှေ့ကို ချထားပြီးနောက် မိုးဆွေ စကင်းကဲလိုက်သည်။
မှန်ထဲမှာ မိမိကိုယ်မိမိကြည့်ပြီး မတ်တပ်ရပ်ပြီးနောက် ဆုနှင်းရှိရာဆီသို့။

မိုးဆွေ ဆုနှင်းရဲ့ရှေ့မှာ ရပ်ကာ လက်ပိုက်လိုက်သည်။
သူ့ရဲ့လက်ပိုက်ခြင်းမျိုးက အပြစ်ပေးခံရတော့မယ့် ကလေးတစ်ယောက်ရဲ့ အပြုအမူကို ဆန်းစစ်ကြည့်နေတဲ့ပုံစံနှင့်ဖြစ်သည်။

"ဆု"

ခေါ်သံကြောင့် အပေါ်ကိုမော့ကြည့်လိုက်ချိန် စူးရှသော မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်မိသွားသည်။
တီချယ်က ပုံမှန်ဝတ်နေကျ ရှမ်းကန်လုံချည်နဲ့ တီရှပ်အပွကိုပဲဝတ်လို့ထားသည်။
ဒီနေ့မှ တီချယ့်ပုံစံက ပိုပြီးအေးစက်တည်ငြိမ်နေသလိုလို။
နက်မှောင်နေသော ဆံနွယ်တို့နဲ့အတူ အကြည်ဓာတ်မျက်နှာကလေးဟာ ဆုနှင်းရှေ့မှာ တည့်တည့်ပင်။

"ထိုင်နေမှာလား"

ထိုစကားက ဘာလို့ထွက်လာသလဲဆိုတာ ဆုနှင်းသိသည်။
အပြစ်ကို အမြန်ဆုံးဝန်ခံပြီး မတ်တပ်ရပ်ဖို့ တီချယ်က သတိပေးတဲ့စကားဖြစ်သည်။

Teachel's Hsu(Completed)Donde viven las historias. Descúbrelo ahora