ရေးသားသူ – Chan Ko (ချမ်းကို)
အပိုင်း (၁)
ဒီနှစ်နွေရာသီက အပူရှိန်တော်တော်လေး ပြင်းလွန်းတယ်။ အပူလှိုင်းဖြတ်တယ် ဘာညာတော့ လူတွေပြောနေသံကြားတယ်။ ပုံမှန်နွေဖက်ဆို ခပ်စိမ့်စိမ့်လေး ဖြစ်နေတတ်တဲ့ ကျနော်တို့မြို့လေးမှာတောင် တော်တော်သိသာလာတယ်ဗျ။ သင်္ကြန်လွန်သွားတာနဲ့ ကော့နေအောင်ကို ပူလာတာ။ အဲ့ဒီအပူလှိုင်းဖြတ်တဲ့ ကိစ္စကြောင့် ကျနော် ခင်ဗျားတို့ကို အခုပြောပြမယ့် ဇာတ်လမ်းက ဖြစ်လာတာလေ။
အပူဒဏ် ဘယ်လောက်ပြင်းသလဲဆိုရင် ခါတိုင်း ရွာရိုးကိုးပေါက် လျှောက်သွားနေတတ်တဲ့ ကျနော်တို့ရပ်ကွက်ထဲက အဟန်ရှုပ်ဆိုတဲ့ တရုတ်လက်ဖက်ရည်ဆိုင်က ကိုရွှေဘတစ်ယောက်တောင် မနက်စောစော နံပြားရိုက်ပြီးတာနဲ့ ရပ်ကွက်စာကြည့်တိုက်က ရှုမဝမဂ္ဂဇင်းအဟောင်းလေး ၃-၄ အုပ်လောက်ဆွဲပြီး ရပ်ကွက်ထိပ်က အရိပ်ကောင်းတဲ့ ဘုန်းကြီးကျောင်းထဲ လစ်တော့တာပဲဗျ။ အပူရှောင်တာပေါ့လေ။
မေးလိုက်ရင်တော့.. ဟကောင်ရ!! ဘုရားရိပ် တရားရိပ်ဆိုတာက ဆိုပြီး အာလူးတွေ ဖုတ်ပြလိမ့်မယ်။ အမှန်က ဒင်းဘုန်းကြီးဝိုင်းက ဆွမ်းဟင်းအကျတွေ အဝတွယ်ပြီး ဘုန်းကြီးကျောင်းဝင်းထဲက မရမ်းပင်အုပ်အုပ်တွေ မိုးထားတဲ့ စေတီသေးသေးလေးရဲ့ရင်ပြင်မှာ ကျောခင်း၊ မဂ္ဂဇင်းဖတ်ပြီး ဇိမ်နဲ့ သွားသွားအိပ်နေတာ မသိတာလိုက်လို့။
အဲ့လို နေရထိုင်ရခက်တဲ့ ရာသီဥတုနဲ့ စိတ်ပျက်စရာကောင်းရတဲ့အထဲ ပြဿနာတစ်ခုက ကျနော့်ဆီ အလိုလို ရောက်လာပါလေရောလား။ ကျနော့်ဖေဖေရဲ့ ဘကြီးဆိုလား တော်စပ်တဲ့ပုဂ္ဂိုလ်၊ ကျနော်နဲ့ဆို အဘိုးတော်မယ် ထင်ပါရဲ့။ အဲ့ဒီဆရာသမားက ဗမာပြည်အလယ်ပိုင်းက မြေလတ်မြို့တစ်မြို့မှာ အခြေချနေတာ ကျနော့်တစ်သက်လောက်ရှိပြီ။ ငယ်ငယ်ကတော့ မြင်ဖူးပါတယ်။ အရင်တစ်ခေတ်ဆီက အလံနီဆိုလား ဘာလားဗျာ။ စကားပြော လက်ပေါက်အတော်ကပ်တယ်လို့ နာမည်ကြီး။ အိမ်ထောင်ကျတော့ အဲ့ဒီမြို့သူနဲ့ ဆံထုံးနောက်ရောင်ပါ ပြောင်းသွားလိုက်တာ မြင်တောင်မမြင်ရတော့တာ ကြာလှပေါ့။
YOU ARE READING
Blue Book collection
Romanceဖတ်ဖူးသမျှ စုတင်ခြင်း မူရင်းရေးသားသူအားလုံးကို crdပေးပါသည် #အပြာစာ