Chapter 6

926 160 7
                                    

Chapter 6

ကုယွီမြန် တိုက်ရိုက်ထုတ်လွှင့်မှုအား အချိန်စော၍ ပိတ်လိုက်ခြင်းမှာ နှင်းကျားသစ်ပေါက်လေးက အိပ်ချင်နေပုံရသောကြောင့်ပင်။ သူ၏ မူလအစီအစဉ်မှာ ညစာစားပြီးနောက်တွင် ကလေးလေးအား ရဲစခန်းသို့ ခေါ်သွားရန်ဖြစ်သော်လည်း ဖုန်းဆက်ပြီးနောက်တွင် ရဲစခန်းက လက်တလော အလုပ်ရှုပ်နေသောကြောင့် မနက်ဖြန်မှလာရန် ပြောလေသည်။ ကုယွီမြန် တစ်ညစောင့်ရန်သာ ရှိတော့သည်။

ဆိုဖာပေါ်တွင် နှင်းကျားသစ်လေးအတွက် ကူရှင်များ  ဂွမ်းကပ်စောင်များဖြင့် အသိုက်တစ်ခု ပြုလုပ်ပေးလိုက်သည်။

“ဦးဦးက မနက်ဖြန်ကျ မိဘတွေဆီ ခေါ်သွားပေးမယ်နော်...”
ကုယွီမြန် ထိုသို့ပြောပြီး လက်ကလေးတစ်ဖက်ဖြင့် အုပ်ထားသော ခေါင်းသေးသေးလေးအား အသာထိလိုက်သည်။

“ကောင်းကောင်းအိပ်ပါ...”

နှင်းကျားသစ်များမှာ ညဥ့်သားရဲများဖြစ်သော်လည်း ကြယ်တာရာခေတ်တွင် တိရစ္ဆာန်များ၏ မူရင်းဗီဇလက္ခဏာများ ပျောက်ပျက်ကာ လူသားများအတိုင်း ပြုမူကြသည်အား ကုယွီမြန် သိရှိထားသည်။ ထိုအကြောင်း စဉ်းစားပြီးနောက် အနည်းငယ် စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
“ဒါနဲ့ မင်း ညဘက်မှာ တစ်ကောင်တည်းအိပ်ရတာ ကြောက်လား... ဦးဦးနဲ့ တူတူအိပ်ချင်လား...”

“…”

နှင်းကျားသစ်ပေါက်လေးက ကုယွီမြန်အား ‘အရူး’ သဖွယ် ကြည့်လိုက်ပြီးနောက် အမြီးဖြင့် သူ့ကိုယ်သူ ရစ်ပတ်ကာ မျက်လုံးများ မှိတ်လိုက်သည်။

ကုယွီမြန် : “ဟုတ်ပါပြီကွာ... ဒါဆိုလည်း တံခါးမပိတ်ထားဘူးနော်... ကြောက်နေရင် အခန်းထဲဝင်ခဲ့လိုက်...”

ကုယွီမြန် ရေချိုးသန့်စင်ပြီးနောက် အိပ်စက်ရန်အတွက် ညအိပ်မီးတစ်လုံးချန်ကာ ကျန်မီးများ ပိတ်လိုက်သည်။ ကုယွီမြန်ထံ၌ ကောင်းမွန်သော အိပ်စက်မှုအရည်အသွေး ရှိ၍ အိပ်ရာပေါ် လှဲလျောင်းပြီး များမကြာမီမှာပင် အိပ်ပျော်သွားလေသည်။ သို့သော်လည်း ညလယ်တွင် ကုယွီမြန်၏အိပ်ရာ အိကျသွားပြီး တစ်စုံတစ်ခုဖြင့် ဖိထားသကဲ့သို့ အသက်ရှုရခက်လာသည်။ အမွေးဖွားဖွားနှင့် အမြီးတစ်ခုသည်လည်း နှာခေါင်းထိပ်တွင် ရမ်းလျက်ရှိသည်။

ကြယ်တာရာခေတ်မှာ liveလွှင့်ရင်း သားပေါက်လေးတွေ ပျိုးထောင်မယ်Where stories live. Discover now