[U]
မြောက်ပြန်လေမြူးသည့် ဂိမှာန်နွေဦးမှာ လေရူး၏ကျီစယ်မှုကြောင့် ဖုန်ဟာတလုံးလုံး။ လွမ်းစရာ့ဌာနီ ကျေးလက်ပြည်မှာ ဥဩတွန်ကြူးသံဟာလည်း တကယ့်အနှစ်။ နွေစပါးတွေလည်းယိမ်းထိုးကခုန်နေပြီ၊ မိုင်လေးဆယ်ရွာက လက်ပံတွေလည်းကြွေကုန်ကြပြီ။ ခြူသံတွေလည်းကြားနေရပြီ၊ စကားသံတွေလည်းဆူညံလှပြီ၊ မျှော်ခဲ့ရပါသော တပေါင်းပွဲသို့လည်းသွားချိန်တန်ခဲ့ပြီ။
မိုးမသောက်ခင်ကတည်းက မိုင်လေးဆယ်ရွာသားတွေဟာ ချက်ဟယ်ပြုတ်ဟယ်လှူဟယ်တန်းဟယ်နဲ့ အလုပ်တွေကိုမပြီးပြတ်နိုင်။ ယခင်နေ့တွေမှာ တောသွားဖို့ စီးစောစွာပြင်ဆင်ကြသူတွေလည်း ယနေ့တော့ဝတ်ကောင်းစားလှတွေဖြင့် ဒါနကုသိုလ်ပြုကြရန်ပြင်နေကြလေ၏။ ယနေ့ဟာ တပေါင်းလပြည့်နေ့။ မြန်မာလ တစ်ဆယ့်နှစ်လထဲမှ နောက်ဆုံးလဟုဆိုအပ်သော တပေါင်းလ၏လပြည့်ဝန်းကြီးထိန်ထိန်သာမည့်ရက်ပင်။
ရက်ကောင်းရက်မြတ်မှာ မွန်မြတ်သည့်အလှူဒါနပြုကြရန် တောသွားသည့်သူကခပ်ရှားရှား၊ သို့ မဟုတ်ရင်လည်း မိုင်လေးဆယ်ရွာနှင့်အနီးစပ်ဆုံးသော တပေါင်းပွဲတော် ရွှေစာရံဘုရားပွဲတော်သို့သွားရောက်လည်ပတ်ကြဖို့ပင်။ အများ၏အဆိုအရ ရွှေစာရံပွဲတော်ဟာ လပြည့်နေ့မရောက်ခင်တစ်ပတ်လောက်အလိုက စသတဲ့။ ထယ်ယောင်းငယ်တို့မိသားစုကတော့ နှစ်တိုင်းအလိုလို လပြည့်နေ့မှသွားတတ်သည်ကအစဉ်အလာပင်။
ဘယ်ရက်မှာပဲသွားသွားပါလေ ရွှေစာရံပွဲတော်ဟာ အစ်မတော်ရဲ့မေတ္တာဓာတ်တွေနဲ့ အမြဲကြိတ်ကြိတ်တိုး စည်ကားနေတတ်တာတော့အမှန်ပဲ။ဖြီးလိမ်းခြယ်သလို့မပြီးနိုင်မစီးနိုင်သေးတဲ့ မမချောက သနပ်ခါးကျောက်ပြင်ရှေ့ကကိုဖင်မကြွတော့။ ဘေးက ကလေးနှစ်ယောက်က သနပ်ခါးလိမ်းဖို့ရာမျက်နှာငယ်လေးတွေနှင့်ထိုင်စောင့်နေကြရသည်။ ထယ်ယောင်းငယ်ကတော့ အစောတည်းက ဒီလိုဖြစ်မယ်မှန်းကြိုသိလို့ ရွှေဘိုသနပ်ခါးတုံးကြီးသွေးပြီး ပါးနှစ်ဖက်မှာ လိမ်းပြီးပေါ့။ အဖွေးသားလေ။
“အတော်အသင့်ပဲကောင်းတယ်နော်..ဘယ်အကောင်နဲ့ချိန်းထားလို့ ဒီလောက်ပြင်နေတာလဲ..”
YOU ARE READING
သို့..ချစ်သည်းညှာ
Fanfictionသို့..ချစ်သည်းညှာ မောင့်နှလုံးသား၊ မင်းထံအပါး အပ််နှင်းပါမည်၊ ထာဝရအလီလီ။ ဤficသည်စာရေးသူ၏စိတ်ကူးသက်သက်ဖြင့် Taekookအားမြန်မာမှုပြုရေးသားထားခြင်းဖြစ်ပါသည်။ Start Date- 3.4.2024(Wed)