ဘေးနိုင်ငံတစ်ခုရဲ့ တောင်တန်းဒေသကမြို့လေးတစ်ခုမှာ သူစိမ်းတွေကြားထဲနေရတဲ့ ညီမအဖို့ အရာရာစိမ်းသက်ပြီး ခံစားချက်တွေအေးခဲနေချိန်မှာ အကိုကညီမအတွက် ပထမဆုံး နှလုံးသားကိုပြန်နွေးစေခဲ့တဲ့ မီးလင်းဖိုလေးတစ်ခုလို ဖြစ်ခဲ့တယ်။
အရာရာက အဲ့ဒီနေ့ အဲ့ဒီမြို့လေးထဲက မြန်မာဆိုင်လေးတစ်ဆိုင်ကနေ စခဲ့တာ။မနက်စာလာဝယ်ရင်း အပေါက်ဝက စားပွဲမှာ လျှပ်တစ်ပြတ်မြင်လိုက်ရုံနဲ့ "အကိုမလားဟင်..." ဆိုတာကနေ စခဲ့တာ။မှတ်မှတ်ရရဘဲ အကိုက အဖြူရောင်ဆိုဒ်ပွshirtလေးကိုကြယ်သီးရင်ဘတ်ထိဖြုတ်ဝတ်ထားပြီး ဂျင်းဘောင်းဘီကို ရိုးရိုးလေးဘဲဝတ်ထားခဲ့တာ။တစ်ဖက်လူက မျက်လုံးလေးဝိုင်းပြီး "အာ...ညီမ.." ဆိုတဲ့ မြင်ဖူးနေတာ သေချာခဲ့တဲ့ မျက်လုံးတွေကနေ ညီမက ဒီရေကြည်အိုင်ထဲ ရက်ရက်ရောရော ခုန်ဆင်းပစ်လိုက်တာဘဲနေပါလိမ့်မယ် ။
အကိုက ရန်ကုန်မှာတုန်းက ကျောင်းတူပြီး မေဂျာမတူ အတန်းချင်းမတူခဲ့ပေမယ့် ကန်တင်းထိုင်တာ တူနေခဲ့လို့ မျက်မှန်းတန်းမိနေခဲ့တဲ့ကျောင်းကသာမန်အကိုတစ်ယောက်သာသာရယ်။
အကိုက သူ့မေဂျာမှာ သို့လောသို့လောနဲ့နာမည်ကြီးတယ်။socialကောင်းတယ်။ပြီးတော့ ကျောင်းသေးသေးလေးထဲ တစ်ယောက်နဲ့တစ်ယောက် မှတ်မိလွယ် မျက်မှန်းတန်းမိကြတာကတော့ အဆန်းရယ်တော့မဟုတ်ခဲ့ဘူး။အကိုကလဲ မှတ်မိပုံရတယ်။ဒီလိုနဲ့ စကားစပ်မိတော့ အကိုက ဘန်ကောက်ကို ရောက်တာကြာပြီဖြစ်ကြောင်း။လက်ရှိ မှာ ကျောင်းပိတ်တာကြောင့်ရော ခရီးထွက်ရတာ ကြိုက်တဲ့အကျင့်ကြောင့်ရော ဒီမြို့လေးမှာရှိတဲ့ သူငယ်ချင်းအိမ်မှာ လာသောင်တင်နေဖြစ်တာဖြစ်ကြောင်းပြောပြလာရင်း အရင်ကအပြင်မှာ စကားမပြောဖူးတဲ့ အကိုနဲ့ အဲ့နေ့က စကားတွေအများကြီး ပြောဖြစ်ခဲ့ကြတယ်။
နောက်တစ်နေ့မနက်ခင်းမှာ အိမ်ရှေ့ကို ဆိုင်ကယ်လေးနဲ့ တစ်ယောက်တည်း ရောက်လာခဲ့တဲ့ အကို့ကြောင့် တိတ်တိတ်ကလေးရင်ခုန်ခဲ့ရဖူးတယ်။အကိုမောင်းတဲ့ ဆိုင်ကယ်နောက်ကနေ အကို့shirtအကျီ ်ခါးအနားစလေးကို ကိုင်ရင်း တောင်တန်းဒေရဲ့ လေအေးတွေကိုလဲ အန်တုနိုင်ခဲ့ဖူးတယ်။အကိုက ထင်ထားတာထက်social ကောင်းခဲ့တော့ အကိုနဲ့နေရတာကို အရမ်းသက်တောင့်သက်သာရှိလာတယ်။ဒီလိုနဲ့နေပျော်လာတယ်။ပြီးတော့ပျော်ဝင်လာတယ်။