3 화

220 40 9
                                    



ကင်မ်အီဟန် ကင်မ်အီဟန် သိပ်ကိုချစ်ဖို့ကောင်းတဲ့ကောင်... ။

ထယ်ဆန်းက ပြုံးဖြီးဖြီးနဲ့ အကျေနပ်ကြီးကျေနပ်နေတာ အကြောင်းအရင်းကတော့ couple seat လက်မှတ်လေးကိုင်လာပြီး သူနဲ့အတူတူ ရုပ်ရှင်လိုက်ကြည့်ပေးဖို့ မျက်လုံးလေးကလယ်ကလယ်နဲ့လာတောင်းဆိုတဲ့ ကင်မ်အီဟန့်ကြောင့်!! ။

" မဖြစ်မနေ လိုက်ကြည့်ပေးဖို့တောင်းဆိုတာမဟုတ်ပါဘူး
ငါကြည့်ချင်တဲ့ ရုပ်ရှင်က လက်မှတ်အကုန်ရောင်းထွက်သွားတာ resell ပြန်လိုက်လို့ရတဲ့ ခုံကလည်း အတွဲခုံဖြစ်နေလို့ ငါ့မှာလည်း သူငယ်ချင်းက မင်းတစ်ယောက်တည်းရှိတာဆိုတော့ "

စကားတွေ အများကြီး ပြောဆိုရှင်းပြပြီး မဝံ့မရဲလုပ်နေတဲ့ အီဟန့်ရဲ့ပုံက တကယ်တမ်းလည်း ရုပ်ရှင်ကို အခုမှ အတွဲခုံမှာ ပထမဆုံးကြည့်ဖူးမဲ့ပုံစံ အူတူတူလေးပါ။

ပြောသာပြောတာ ထယ်ဆန်းအတွက်လည်း ဒါကပထမဆုံးဖြစ်မှာ ဘယ်နှယ့်ဆို သူတို့ရေအောက်မှာ ဒစ်ဂျစ်တယ်ရုပ်ရှင်မှ မရှိပဲ။

" ကောင်းပြီလေ "

ထယ်ဆန်းက နွေဦးပထမအပတ်မှာ ဖြာကျလာတဲ့နေရောင်ခြည်လေးလို နွေးနွေးထွေးထွေးပြုံးရင်း အီဟန့်လက်ထဲက လက်မှတ်ဖြတ်ပိုင်းစကို ဆွဲယူလိုက်တယ်။ သူတန်ဖိုးထားလွန်းတဲ့ ဆံနွယ်ညိုလေးတွေကို လက်ဖြင့် ထိုးမွှတာကတော့ မဖြစ်မနေအမြဲလုပ်တဲ့အပြုမူပေါ့။ အဲ့လိုလုပ်တိုင်းလည်း အီဟန်က သိပ်စိတ်ဆိုးတာ ကျကျနနပုံသွင်းလာတဲ့ ဆံပင်တွေကို ထိရကောင်းမလားဆိုပြီးလေ.. ။ သူကလည်း တစ်ခါတစ်ရံ ဒီလိုရန်တွေ့တတ်တာလေးကိုမှအသည်းထဲ စွဲမြေ့နေတာ။



-


တိုက်ဆိုင်တာလား အခြေနေပေးတာလားတော့မသိ အဲ့နေ့က အီဟန်ကြည့်ဖို့ခေါ်တဲ့ဇာတ်ကားက merman တွေအကြောင်းရိုက်ကူးထားတာမှန်း ထယ်ဆန်းက ရုံရှေ့ထောင်ထားတဲ့ ပိုစတာကိုကြည့်မိမှသိတာ။ သူ့စိတ်ထင်တော့ ဒီကားက Merman တွေနဲ့ လူသားကြားက အချစ်ရေးကို ဇာတ်လမ်းဖွဲ့ထားပုံပဲ။ ကောင်းပါတယ် အီဟန် ဒါမျိုးများများကြည့်ပြီး Merman တွေရဲ့ ချစ်တတ်မှုကို ခံစားမိသွားရင်လည်း ကောင်းသား။ ဘယ်သူမဆို ဒီလိုကားမျိုးကို စိတ်ကူးယဉ် Fantasy ကားအဖြစ်သာ ကြည့်ကြလောက်ပေမဲ့ ဟန့်အတွက်တော့ စိတ်ကူးယဉ်သက်သက် ဘယ်ဟုတ်ပါ့မလဲ။ အကြောင်းရင်းကတော့ သူကိုယ်တိုင် ရေသူတစ်ကောင်ကို နဖူးတွေ့ ၊ ဒူးတွေ့၊ နှုတ်ခမ်းတွေ့ကို  စုံခဲ့ဖူးတာမို့လေ။

ရုပ်ရှင်ကား တစ်ဝက်ကျိုးသွားတဲ့နောက်မှာတော့ အရောင်လဲ့နေတဲ့မျက်ဝန်းလေးနဲ့ တည်တည်ညိမ်ညိမ်လေး ပိတ်ကားကို ကြည့်နေတဲ့ အီဟန်ရဲ့ ဆန့်ကျင်ဘက် ဟန်ထယ်ဆန်းက ထိုပိတ်ကားကို ဆွဲဖြဲချင်နေပြီ။ ပေါကားကြီးပါ Merman တွေချစ်တတ်ကြောင်းကို ရိုက်ထားတဲ့ကားမဟုတ်ပဲ အသံနဲ့လူတွေကို ညို့ယူပြီး ပင်လယ်ထဲ ဆင်းလာရင် သတ်စားပစ်တဲ့အကြောင်း ရိုက်ကူးထားတာ!!

ဘယ်လိုစောက်တလွဲ ဒါရိုက်တာလဲ သူ့မှာ ဒေါသတွေထွက်လွန်းလို့ အသားပါတဆတ်ဆတ်တုန်တယ်။ ဒါကသူတို့မျိုးနွယ်စုတစ်ခုလုံးကိုစော်ကားထားတာပဲ။ တကယ်တမ်း အသံလွှင့်တယ်ဆိုတာ ချစ်ရေးဆိုတာဖြစ်ပြီး ဒါကို လက်ခံတဲ့ လူသားကို တစ်ခါတစ်ရံမှာ ရေအောက်ခေါ်ပြီး ပေါင်းဖက်တတ်ကြပေမဲ့ များသောအားဖြင့်တော့ ထယ်ဆန်းတို့ကသာ ကုန်းပေါ်မှာ ရေမြုပ်ဖြစ်သွားတဲ့ ဇာတ်လမ်းက ခပ်များများရယ်။ လူတွေလည်း အလုပ်မရှိ အလုပ်ရှာပြီး ဒါမျိုး Gaslighting လုပ်တဲ့ ကားတွေရိုက်နေနိုင်သေးတာ။

အဲ့တာထပ် ဒီလိုအင်ဖိုမေးရှင်း အမှားနဲ့ ကားတွေကြောင့် အီဟန်သူ့ကို အထင်လွဲသွားမှာကို သိပ်ကြောက်တာပဲ.. ။ ဟူးးးး ထယ်ဆန်းက မကြည်မသာနဲ့ သက်ပြင်းရှည်ကြီးကို ချပြီးလိုက်တဲ့နောက်မှာ မဆီမဆိုင်ပဲ အီဟန့်ပုခုံးသားလေးတွေနောက် လက်လျှိုဝင်ရင်း အရည်ရွှမ်းနေတဲ့ မျက်လုံးလေးတွေကို လက်နဲ့ကွယ်လိုက်တယ်။

" မကြည့်နဲ့တော့ အီဟန်
ဒီကားထဲက အကြောင်းရာတွေက အမှားတွေကြီးပဲ "

" အင်း ငါသိပါတယ် "

ဘယ်လို ခံစားချက်မျိုးမှန်းမသိပေမဲ့ အီဟန်က သူ့ကိုယုံတယ်ဆိုတဲ့ စိတ်လေးက ခပ်သော့သော့ တိုက်ခက်ဝင်ရောက်လာလေလို့ ထယ်ဆန်းရဲ့ နှုတ်ခမ်းပါးတွေဟာ အပေါ်သို့ ကော့ညွန့်တက်သွားတယ်။ သူ့ရဲ့ မကြည်သာမှုတွေ အကုန်လုံးဟာ ယူပစ်သလို ကင်းစင်သွားသလိုပဲ ။

" ဒါနဲ့ မျက်လုံးကို ကွယ်ထားတာ ဖယ်ပေးလို့ရမလား
ငါနေရခက်နေပြီမို့လို့လေ "

ထယ်ဆန်းက ထိုတော့မှ အီဟန့် မျက်ခွံလှလှလေးတွေပေါ်က သူ့လက်ဖဝါးခပ်ကြီးကြီးကို ဖယ်ပြီး ရှက်ရွံ့စွာနဲ့ ခေါင်းကို ကုပ်လိုက်တယ်။ ပြောမိပြောရာသာပြောလိုက်ပေမဲ့ အဲ့ဒီညက သူက ထယ်ဆန်းပါဆိုတာကို အီဟန်ရိပ်စားမိသွားမှာလည်း ကြောက်ရသေးတယ်။ ဒါက ဖောက်ဖျက်လို့မရတဲ့ စည်းမျဉ်းဖြစ်နေတာမို့။

Under Water | Gongfourz Where stories live. Discover now