စင်မြင့်ထက်က တောက်ပနေတဲ့ နေရောင်ခြည်လေး။
"How could my day be bad
When I'm with you
You're the only one
Who makes me laugh"ဆိုင်တွင်လူမကျသေးသော ညနေခင်းအချိန်။ သူဆိုရမည့်သီချင်းကို လေ့ကျင့်ချင်သည်ဟု စင်ပေါ်တက်သွားကာ ဂစ်တာတစ်လုံးနှင့် သီဆိုလေသူကို မင်ဟိုက စင်ရှေ့တွင် ခုံတစ်လုံးဆွဲထိုင်ကာ မော်ကြည့်ရသည်။
သူနှင့်အတူ အချိန်ပိုင်းအလုပ်ဆီသို့ လိုက်ခဲ့ရန် လာခေါ်တော့ မလိုက်ချင်ကြောင်း ပြောခဲ့သော်လည်း နှုတ်ခမ်းကလေးဆူကာ ချွဲချွဲနွဲ့နွဲ့တောင်းဆိုပြန်တော့လည်း မင်ဟို ကြာကြာမူမနေနိုင်ခဲ့။
အမှန်ဆိုလျှင် သူသည်လည်း စင်မြင့်ပေါ်တွင် တောက်ပနေသော နေရောင်ခြည်ကလေးကို ကြည့်နေရခြင်းအား သဘောကျပါ၏။
ဂျီဆောင်း မကြာခဏပြောဖူးသည်။ သူသည် ပျားရည်လေးနှင့် အကျင့်စရိုက်အင်မတန်ဆင်တူသည်ဟု။ ၎င်းမှာ အမှန်တရားဖြစ်နေလေမလားဟု သူကိုယ်တိုင်ပင် သံသယဝင်လာမိသည်။ ပျားရည်လေးမှာ နေရောင်ခြည်နွေးနွေးကိုသဘောကျတတ်သည်။ နေ့စဥ်ပင် လေသာဆောင်တံခါးဝတွင် ခပ်ခွေခွေထိုင်ကာ ဖြာကျလာသောနေရောင်ခြည်ကို ခံယူရခြင်းအား သဘောကျနှစ်ခြိုက်တတ်သည်။ မင်ဟိုသည်လည်း နေရောင်ခြည်ကို သဘောကျလာပုံရသည်။
အပူရှိန်မပြင်းသော နေရောင်ခြည်။ ရင်ထဲနေသာထိုင်သာရှိရုံသာ နွေးထွေးသော နေရောင်ခြည်။ လူကိုပျော်ရွှင်စေသည့်ဟော်မုန်းဖြစ်သော serotonin ထုတ်လွှတ်အားကိုမြင့်တက်စေသည့် နေရောင်ခြည်။ ထိုကဲ့သို့ မင်ဟိုလိုအပ်သော အနွေးဓါတ်နှင့် ကွက်တိကျသည့် နေရောင်ခြည်ကလေး သူ့ရှေ့ စင်မြင့်ထက်တွင် တောက်ပနေသည်မို့ မင်ဟို ပြုံးရွှင်စွာပင် မျှော်ကြည့်နေမိသည်။
"So how can my day be bad?
It's a day for you."သီချင်းအား လက်စသတ်ပြီးနောက် အဆိုရှင်ဟာ ပြုံးယောင်သန်းသော မျက်နှာနှင့် စင်ပေါ်မှနေ၍ ခပ်ဖြေးဖြေး ဆင်းလျှောက်လာသည်။