"I used to hear a simple song
That was until you came along
Now in its place, it's something new
I hear it when I look at you"~
လေသာဆောင်ကိုကာရံသော သံလက်ရန်းပေါ် တစ်စက်တစ်စက်ကျနေသော မိုးပေါက်များက သံစဥ်တစ်ခုကို ဖန်တီးချင်နေပုံရသည်။ အိမ်ခန်းတွင်းမှနေ၍ ပြတင်းတံခါးကိုမှီကာ အပြင်ဘက်သို့ အဓိပ္ပါယ်မဲ့စွာ ငေးမျှော်ကြည့်နေသော မင်ဟို့နားစည်ကို ထိုအသံက တတို့တို့ရိုက်ခတ်နေ၏။
ရာသီဥတုအေးသည်။ မိုးဟာ စဲလိုက်သဲလိုက်နှင့် တရစပ်ရွာနေသည်မှာ လွန်ခဲ့သည့်အပတ်ကြာသပတေးနေ့ကတည်းကဖြစ်၍ ၅ ရက်ခန့်ရှိလေပြီ။ နေရောင်ခြည်ကို ကောင်းကောင်းမမြင်ရသဖြင့် လျှော်ဖွတ်ပြီးအဝတ်များမှာလည်း ရက်သတ္တပတ်ချီကြာသည်အထိ ကောင်းကောင်းမခြောက်နိုင်။ အိမ်တွင်အဝတ်ခြောက်စက်မရှိသည့်အပြင် ဤမိုးဤလေနှင့် သူအပြင်ထွက်၊ Laundry ဘက်သို့ခြေဦးလှည့်ရန်လည်း ပျင်းလှသည်။
ဟုတ်သည်။ သူသိပ်ကိုပျင်းနေပြီ။ ရက်ဆက်အောင်ကြားနေရသည့် ထိုမိုးစက်ကျသံကို သိပ်ငြီးငွေ့နေပြီ။ မကောင်းလှသည့်ရာသီဥတုကို စာအုပ်ဖတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်နှင့် အချိန်ဖြုန်းရင်း အံတုနေရခြင်းမှာ သိပ်ကိုပျင်းစရာကောင်း၏။
"မြှောင်.."
ဆိုဖာနောက်မှီပေါ် အေးအေးလူလူခွေအိပ်နေသော ပျားရည်လေးက ရုတ်တရက် အသံသေးသေးပြုသည်။ ပျားရည်လေး၏အသံနှင့်ထပ်တူညီစွာပင် မင်ဟို၏ငြီးငွေ့ယောင်သန်းနေခဲ့သော မျက်လုံးများမှာလည်း ရုတ်တရက် အရောင်လက်လာသည်။
ပြတင်းမှန်မှတစ်ဆင့် မြင်လိုက်ရသော လူရိပ်မှာ သူမျှော်လင့်သောသူ ဟုတ်မဟုတ်ကို သေသေချာချာအတည်ပြုပြီးနောက် ပြတင်းတံခါးနားမှ ကိုယ်ကိုခွာလိုက်ကာ မီးဖိုဆောင်ဘက်သို့လှည့်ထွက်လာလိုက်သည်။
အဆင်သင့်ချက်ပြုတ်ထားပြီးသော ဟင်းရည်အိုးကို မီးဖိုပေါ်သို့ နောက်တစ်ကြိမ်ပြန်တင်လိုက်ကာ ပူပူနွေးနွေးဖြစ်နေစေရန် နွှေးလိုက်သည်။ ဟင်းရည်အိုးကို ခပ်ဖြေးဖြေးမွှေနေစဥ်မှာပင် အိမ်ရှေ့တံခါးမှ လျှို့ဝှက်နံပါတ်ရိုက်ထည့်နေသည့်အသံကိုကြားရတော့ သူ့မျက်နှာပေါ် ပြုံးယောင်ကလေးသန်းချင်လာ၏။ ထိုလျှို့ဝှက်နံပါတ်ရိုက်ထည့်နေသည့်အသံအတိုင်း သံစဥ်ကလေးတစ်ခုပင် နှုတ်မှညည်းမိသည်။