"မင်းနဲ့ငါ တစ်နေ့နေ့မှာ သူစိမ်းတွေဖြစ်သွားရင်တောင်
ဘယ်တော့မှပြန်မဆုံနိုင်တော့မယ့် ဆက်ဆံရေးဖြစ်သွားရင်တောင်
မမေ့လိုက်ပါနဲ့
လုံးဝမမေ့လိုက်ပါနဲ့"~
ကျောင်းပိတ်ရက်မနက်စာအတွက် သူဖုတ်ပေးသော ပူတင်းကိုစားချင်သည်ဟု ဂျီကျသော ဂျီဆောင်းကြောင့် တနင်္ဂနွေနေ့မနက်စောစောတွင် မီးဖိုခန်းထဲအလုပ်ရှုပ်နေလေသော မင်ဟို။
ပါဝင်ပစ္စည်းများများစားစားမရှိဘဲ အချိန်သိပ်မယူသော မုန့်ဖြစ်သည့်တိုင် ပုံမှန်အရသာထက်ထူးကဲစေချင်သည့်အတွက် မီးဖိုခန်းထဲတွင် သူ၏လက်နှစ်ဖက်မှာ အပတ်မလည်နိုင်။
ထိုသို့အလုပ်ရှုပ်နေဆဲ၊ ပြည့်ပြည့်တင်းတင်းကျက်ပြီဖြစ်သောပူတင်းကိုမီးဖိုပေါ်မှ ချနေစဥ်မှာပင် သူ၏လက်ကိုင်ဖုန်းဟာ တရစပ်ထမြည်ပြန်၏။
မအားလပ်သည့် မျက်လုံးက ဖုန်းစခရင်ပေါ် တစ်ချက်အကြည့်ရောက်တော့ ခေါ်ဆိုသူမှာ "mom♡" ဟု contact သိမ်းမှတ်ထားသူပင်။
အရေးကြီးကိစ္စတစ်စုံတစ်ရာဖြစ်လေမလားဟု စိုးရိမ်စိတ်ကြောင့် အချိန်ကြာကြာဆွဲမထားတော့ဘဲ ဖုန်းကိုင်လိုက်ပြီး speaker ကျယ်ကျယ်ဖွင့်ထားလိုက်သည်။
"မေမေ ပြောပါခင်ဗျ"
"ပိတ်ရက်ကြီးမှာ ဘာတွေအလုပ်ရှုပ်နေတာတုန်း"
ရွှင်ပျသောအသံနှင့် စကားဆိုလာတော့မှ မင်ဟို ရင်အေးရပြီး ပူတင်းကို ပန်းကန်ပေါ် လှလှပပတင်နိုင်ရန် ဆက်အားထုတ်ရင်း စကားပြန်နေလိုက်သည်။
"မနက်စာပြင်နေတာပါ။ ဘာပြောစရာရှိလို့လဲ မေမေ။ တစ်ခုခုအရေးကြီးလို့လား"
"အမလေး နီးနီးနားနားအိမ်ကိုတောင် တစ်လတစ်ခါပြန်မလာတဲ့သားက အခုဆို မအေဖုန်းဆက်တာကိုတောင် ငြိုငြင်ချင်ပြီပေါ့လေ"
"အဲ့လိုမဟုတ်ပါဘူး မေမေရဲ့။ မေမေက မေမေ့မြေးတွေ၊ သမီးတွေ၊ သမက်တွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ သားကိုသတိတောင်ရပါ့မလား။ ထူးထူးဆန်းဆန်း ဖုန်းတွေပါ ဆက်လိုဆက်ဆိုတော့ မေးကြည့်တာပါဗျာ"