Unicode
ဒေးကိုလ်ရှားတစ်ယောက် သူများမွေးနေ့ပွဲမှာအမှားလုပ်မိတာကြောင့် မြန်မြန်သာလစ်ထွက်ခဲ့ရသည်။ ကားကခြံပြင်ရောက်မှသာ စိတ်အေးရ၏ အထိုးခံရတဲ့ပါးတစ်ဖက်က ရောင်ကိုင်းပြီး နှာနုရိုးလည်းကျိုးသွားသလားအောင့်မေ့ရ၏။
တစ်ဖက်က ထိုက်တန်စေမောင်မှာတော့ တက်တစ်ခေါက်ခေါက်နဲ့ ဘေးနားကလူများလှုပ်ဖို့တောင် မဝံ့ရဲကြ။ သူလက်မောင်းကိုဆုပ်ကိုင်ထားတဲ့ တိမ်ယံလက်မောင်းကို ဖြုတ်ချပစ်လိုက်ပြီး။
''ကိုယ်အနားယူတော့မယ်တိမ်ယံ! ''
''မောင်....ဘာတွေဖြစ်ကြတာလဲ''
လူအုပ်နောက်မှ မဟေသီသွယ်ကတိုးဝင်လာပြီးမေးရာ ထိုက်တန်ကစိတ်ရှုပ်ထွေးနေသည့်ဟန်ဖြင့် တိမ်ယံအား ပြာကျမတတ်စိုက်ကြည့်နေတုန်းပေ။
''ကိုယ် ဒီနေ့တခြားအခန်းမှာဘဲ အိပ်လိုက်တော့မယ် မ''
''ဪ....အင်း အင်း ဒါဆိုလည်းသွားနားတော့လေ မောင်''
တိမ်ယံ၏ သနားဖွယ်ရာ မျက်ဝန်းလေးတွေအား ထိုက်တန်ဆက်မကြည့်ရက်နိုင်တော့တာကြောင့် အခန်းထဲတွင်သာ ဝင်နားဖို့တွေးလိုက်သည်။ စိတ်ထဲတွင်တော့ အကုန်ဖျက်ဆီးပစ်ချင်နေခဲ့၏။
သူ့အမျိုးသားထွက်သွားတော့မှသာ မဟေသီက မောင်လေးဆီပြေးကပ်ပြီး မေးမြန်းရတော့သည်။ တိမ်ယံကလည်း တရှုံ့ရှုံ့ငိုပြီးအကြောင်းစုံပြောပြတော့ သူမရင်ထဲမယုံနိုင်လောက်အောင် ထိတ်လန့်သွားရ၏။ တော်သေးတာပေါ့ မောင်အမြန်ကယ်နိုင်လိုက်လို့မဟုတ်ရင် သူ့မောင်လေးအရှက်တကွဲဖြစ်ရတော့မှာဘဲ။
တိမ်ယံပုံက ပင်ပန်းလွန်းနေတာကြောင့် မဟေသီလည်း မွေးနေ့ပွဲကိုအမြန်သိမ်းစေကာ တိမ်ယံအားအပေါ်တက်နားစေလိုက်သည်။ သူ့အဖေသိတော့လည်း သတ်မယ်တကဲကဲကြိမ်းနေတာကြောင့် သူမကပဲ မနည်းစိတ်လျှော့အောင်ပြောပေးနေရသေးသည်။
တိမ်ယံအခန်းထဲရောက်တော့ အိပ်ရာပေါ်တက်ထိုင်ပြီးရှက်စိတ်နှင့် ထပ်ငိုမိပြန်ပါသည်။ အခုလိုအပြုမူခံရတာဟာ သူ့အတွက်တော့ယုံနိုင်စရာပင်မရှိ။ နောက်ပြီးသူက မိန်းကလေးလည်း မဟုတ်ပါပဲနဲ့။ တွေးရင်းတွေးရင်းနဲ့ပင် ဝမ်းနည်းရသည်။ ရှက်လည်းရှက်မိသည် ကိုကိုသာ ရောက်မလာခဲ့ရင် ဘာတွေဆက်ဖြစ်သွားမလည်းဆိုတာ တိမ်ယံဆက်ပင် မတွေးဝံ့။ အိပ်ယာထဲမှာ ငိုရင်းနဲ့ပင်ပန်းလာတော့ မှေးကနဲ့အိပ်ပျော်သွားခဲ့၏။