Unicode
တိမ်ယံမမအိမ်မှာ သောင်တင်နေခဲ့တာ တစ်ပတ်တောင်ရှိနေပြီ။ မမနဲ့ ကောင်းကောင်းစကားပြောရသည်က အခုထိမရှိသေး။ မမကလည်း အခန်းပြင်သိပ်မထွက်သလို တိမ်ယံမမဆီသွားမယ်ကြံလိုက်တိုင်းလည်း ကိုကိုက ရောက်လာတတ်သည်။ ကြာတော့ တိမ်ယံသိပ်မသင်္ကာသလိုတောင်ဖြစ်လာသည်။ ကိုကိုက တိမ်ယံကို မမနဲ့တမင်စကားမပြောစေချင်တာများလား။
တိမ်ယံဘာသာဧည့်ခန်းထဲမှာ ထိုင်အတွေးလွန်နေတုန်း ကိုကိုကရောက်လာပြီးဖက်သည်။ ဆံပင်တွေကို ငုံ့နမ်းနေတာသိပေမဲ့ တိမ်ယံဘာမှမပြောဘဲ ငြိမ်နေမိ၏။
"ကလေး......''
"ဗျာ.....ကိုကို''
"ကိုကို ဒီနေ့အလုပ်ရှိလို့အပြင်ခဏသွားရမယ် ဘယ်မှလျှောက်မသွားနေနဲ့နော် မမဆီလည်းသွားမနေနဲ့အုံး မင်းမမက သိပ်နေကောင်းသေးတာ မဟုတ်ဘူး''
"ကိုကိုကလည်း သားက မမကိုနှောက်ယှက်မှာမှမဟုတ်တာ ဒီတိုင်းမမနဲ့စကားဘဲ ပြောမှာပါ''
ကိုကိုက တိမ်ယံလက်မောင်းကို ဆုပ်ကိုင်ပြီးအကြည့်ချင်းစုံစေသည်။
"ကိုကိုက မင်းကိုစိတ်ပူလို့လေကလေးရဲ့ မင်းမမရဲ့ ကျန်းမာရေးက သိပ်စိတ်ချရတာမဟုတ်ဘူး ကလေးကိုထိခိုက်စေမိလိမ့်မယ် ကိုယ့်စကားကိုနားထောင်''
"ဟုတ်ကဲ့ အဲ့ဆိုလည်း သားမမဆီ မသွားတော့ပါဘူး''
"လိမ်မာတယ် ပြွတ်! ကိုယ်သွားပြီ ''
ကိုကိုကပါးကိုအနမ်းပေးပြီးမှ ထထွက်သွားပြန်သည်။ တိမ်ယံမှာတော့ ရင်ထဲ ကလိကလိဖြစ်ကျန်ခဲ့၏။
တိမ်ယံဒီနေ့တော့ မမနဲ့ရအောင်တွေ့မည်။ ကိုကိုကလည်း ဒီနေ့အပြင်ခဏထွက်မယ်ပြောပြီးထွက်သွားတာဆိုတော့ ဒါအချိန်အကောင်းဘဲလေ ဘာလို့မမတိမ်ယံကိုရှောင်နေတာလဲ သိအောင်လုပ်ရမယ်။ကိုယ့်အတွေးနဲ့ကိုယ် ထရပ်လိုက်ပြီး မမတို့အိပ်တဲ့အခန်းဘက် ခြေလှမ်းတွေဦးတည်မိသည်။
ဒေါက်.......ဒေါက်.....
"မမ သားဝင်ခဲ့လို့ရမလား....''
အခန်းထဲက ဘာသံမှထွက်မလာပေ။ တိမ်ယံတံခါးကို ဖြေးဖြေးချင်းဖွင့်ပြီး ဝင်ကြည့်လိုက်တော့ အခန်းကမှောင်မဲနေတာကြောင့် မီးခလုတ်ဆီအရမ်းလက်လှမ်းပြီး ဖွင့်လိုက်၏။ အခန်းအတွင်းသပ်သပ်ရပ်ရပ်ပေမဲ့ လူမရှိပေ။