__________________________________
" ဆောနူလေးက နေသိပ်မကောင်းသေးလို့.... တစ်ရက် ၊ နှစ်ရက်လောက်နေမှ ကျောင်းကို လွှတ်ဖြစ်မယ်ထင်တယ် ... ။ သတင်းလာမေးတာ ကျေးဇူးတင်ပါတယ်နော် ကလေးတို့ "
ဆောနူမေမေ၏ ယဉ်ကျေးစွာပထုတ်မှုကြောင့် ဆောင်းဟွန်း ချစ်ရသူ၏ မျက်နှာလေးကိုပင်မမြင်ခဲ့ရဘဲ အိမ်အောက်ထပ်တွင်သာ နှုတ်ဆက်၍ ပြန်ခဲ့ရသည် ။ သူ ဝယ်လာသည့် ဆောနူကြိုက်တတ်သည့် မုန့်တွေပါသော လက်ဆွဲကြွပ်ကြွပ်အိတ်ထုပ်ကြီးကိုလည်း ပေးပေးဖို့ ဆောနူမေမေကို မှာခဲ့ရသေးသည် ။
အတူပါလာသည့် ဂျောင်ဝန်းနှင့် ဂျုံဆောင်းပါ မေးမြန်းကြည့်ပေမဲ့ ဆောနူမေမေ၏ စကားတွေက ရှေ့နောက်မညီ ။ အထွေအထူးမဟုတ်ဟု ဆိုပေမဲ့လည်း ကျောင်းကိုပင် နှစ်ရက်လောက်မလွှတ်ဘဲ နားခိုင်းဦးမည် မဟုတ်ပါလား ။ ထို့ပြင် ဆောင်းဟွန်းတို့လို ငယ်စဉ်တည်းက အိမ်တွင် ဝင်ထွက်သွားလာနေသည့် သူငယ်ချင်းအရင်းချာများကိုပင် ဆောနူနှင့် တွေ့ခွင့်မပေးသည်မို့ ပို၍ သံသယဝင်လာမိရ၏ ။
ဆောနူကို မတွေ့ရသည့် နှစ်ရက်တာကာလက ဆောင်းဟွန်းအတွက် ငရဲလိုပင် ။ ပူလောင်ပြီး ပျော်ရွှင်စရာမရှိ ။
တော်သေးသည်က ဆောနူက သူ့ကို ဖုန်းဖြင့် စာတိုလေးတွေပို့ပြီး သူသက်သာနေပြီဖြစ်ကြောင်းတော့ အသိပေးသေးသည် ။
ဘာဖြစ်တာမှန်းအရင်းအမြစ်ကို သေချာမေးပေမဲ့ ဆောနူက ရေရေရာရာမပြောဘဲ သာမန်အဖျားရှိတာ ဟုသာဖြေသည်ကြောင့် ဆောင်းဟွန်းလညိး ဆက်မေးဖို့မကြိုးစားတော့ ။ ဘယ်လိုပဲဖြစ်ဖြစ် ဆောနူ သက်သာနေပြီဆို၍ သူစိတ်အေးရပါသေးသည် ။
သုံးရက်မြောက်နေ့တွင် ဆောနူကို ကျောင်း၌ ပြန်တွေ့ရ၏ ။
ဆောင်းဟွန်း အတန်းထဲဝင်လိုက်တော့ စောရောက်နေသည့် ဆောနူက ပြတင်းပေါက်ဘေးက ခုံတွင် နားကြပ်တပ်ကာ စာအုပ်ဖတ်နေ၏ ။ ကျောင်းဝတ်စုံအပေါ်က အပြာဖျော့ဆွယ်တာပွပွလေး တစ်ထည်ကို ထပ်ဝတ်ထားသည့် ဆောနူက ခါတိုင်းထက် ပိုနူးညံ့နေသယောင် ။ နေရောင်ကြောင့် ဖြူနုပြီး ထိရက်စရာမရှိသည့် ပါးပြင်လေးထက်က မွှေးညှင်းလေးများကိုပင် မြင်နေရချေ၏ ။