နှစ်ဦးသား တစ်ဦးကိုတစ်ဦး အထောက်အကူပေးရင်းဖြင့် ထူထဲလှသော နှင်းထုအတွင်း ရှေ့ဆက်လျှောက်ခဲ့ကြသည်။ ရွှီရန်တုန်းမှာ ဦးတည်ရာမဲ့ လမ်းပျောက်နေပြီဖြစ်သည်။ နေရာတိုင်းတွင် နှင်းများပြည့်နေပြီး နောက်ထပ် မည်သည့်နေရာသို့ သွားရမည်မှန်း မသိနိုင်တော့ချေ။
လျန်ချောင်သည် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ပြီး ရုတ်တရက် တုံ့ဆိုင်းစွာ မေးမြန်း၏။ "အစ်ကို ရန်တုန်း… အသံတစ်ခုခုကို ကြားလိုက်လား။"
ရွှီရန်တုန်း၏ နှလုံးသားက ထိတ်လန့်သွားရသည်။ "မကြားလိုက်ပါဘူး။ မင်း ဘာကြားလိုက်လို့လဲ။"
လျန်ချောင်က မပျော်မရွှင်ဟန်ပေါက်နေသည်။ "သွားကြိတ်ပြီး ချိတ်နေတဲ့ အသံလိုမျိုးပဲ…"
ရွှီရန်တုန်းက အလေးအနက်ထား နားစိုက်ထောင်ကြည့်လိုက်သောအခါ လေတိုးသံများအကြားတွင် မနှစ်မြို့ဖွယ်အသံမျိုး ခပ်တိုးတိုးရှိနေသည်မှာ သေချာပေါက်ပင်ဖြစ်သည်။ ထိုအသံမှာ တစ်စုံတစ်ခုအား အပြင်းအထန်ကိုက်ဝါးနေသည့်အခါမျိုးတွင် ထွက်ပေါ်လာတတ်သည့် အသံမျိုးပင်။ လျန်ချောင်သည် မျက်လုံးများအား မှေးစင်းလိုက်ပြီး လေထုအတွင်း ကြိတ်ချေဝါးနေသည့်အသံ ထွက်ပေါ်လာသည့် အရင်းအမြစ်ကို ရှာဖွေနေလေပြီး မျက်လုံးအား ကျယ်ကျယ်ဖွင့်လိုက်ပြန်လျက် သူတို့နှစ်ယောက်၏ အနောက်ဘက်အရပ်ဆီသို့ ညွှန်ပြလေသည်။ "ဟိုမှာ"
ရွှီရန်တုန်း နောက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင် အရိပ်မည်းပါးပါးတစ်ခုက နှင်းလွှာများအတွင်း ဖြည်းညှင်းစွာ ပေါ်ပေါက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုအရာက အနက်ရောင်ရှိပြီး ရှုပ်ထွေးနေသော ချည်မျှင်လုံးကြီးတစ်ခုနှယ်ဖြစ်လေသည်။ ထိုအရာမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသည့် ကလေးငယ်တစ်ဦးက အနက်ရောင် ရောင်စုံခဲတံကိုသုံးလျက် ရူးရူးနှမ်းနှမ်း ရေးခြစ်ထားသည့်မျဉ်းကြောင်းပုံများနှင့် တူညီပေသည်။
ပိုမိုထိတ်လန့်ဖို့ ကောင်းသည့်အချက်မှာ ထိုအနက်ရောင်ချည်မျှင်လုံးကြီးမှာ တလှုပ်လှုပ်တယွယွဖြစ်နေဆဲရှိကာ ကြောက်လန့်စဖွယ်ကောင်းသော အရှိန်နှုန်းတစ်ရပ်ဖြင့် ဤအရပ်ဆီသို့ ဦးတည်လာနေခြင်းဖြစ်ပါ၏။
YOU ARE READING
မရဏ စက်ဝန်းသံသရာ (မြန်မာဘာသာပြန်)
Mystery / Thrillerမူရင်းစာရေးသူ - 深海手术刀 / ပင်လယ်နက်ဓား (ရိုးရိုးဓားမဟုတ်ပါဘူးနော် 手术刀 ဆိုတဲ့ ခွဲစိတ်ခန်းသုံးဓားကို ရည်ညွှန်းတာပါ) ဘာသာပြန်သူ - ဂျူနို ဝတ္ထုအမျိုးအစား - survival games ဝတ္ထုမျိုးဖြစ်ပါတယ်။ 📣 ဘာသာပြန်ရာ၌ လွဲမှားမှုတစ်စုံတစ်ရာများရှိခဲ့လျှင် ဤဘာသာပြန်သ...