ဆိုလ်းမြို့ ၊ ယုံဆန်းအထက်တန်းကျောင်း။
ဆိုလ်းရဲ့အကောင်းဆုံးအထက်တန်းကျောင်း ၅ ကျောင်းထဲ တစ်ခုအပါအဝင်ဆိုပေမယ့် ယုံဆန်းဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ ပြည့်နေတဲ့တစ်နေရာ။
လူကြီးသားသမီးတွေ၊ သူဌေးသားသမီးတွေနဲ့ပြည့်နေတဲ့ ဒီနေရာဟာ လူလတ်တန်းစားဆိုရင်တောင် မနည်းရှင်သန်ဖို့ ခက်တဲ့နေရာတစ်ခု။ပိုက်ဆံရှိလို့ လုပ်ချင်တိုင်းလုပ်နေတဲ့ ကျောင်းသားတွေကြား စကော်လားရှစ်ကျောင်းသားတွေအပေါ် ကျောင်းတွင်းအနိုင်ကျင့်မှုကလည်း အမြဲရှိနေပြန်ရော။ ယုံဆန်းဟာ ထိပ်တန်းကျောင်းဖြစ်သလောက် တော်ရုံလူဆို ဝေးဝေးရှောင်တတ်တဲ့ ကျောင်းမျိုး။
ချွမ်းရွေ့တစ်ယောက် ကြီးမားလှတဲ့ ယုံဆန်းအထက်အတန်းကျောင်းအဆောက်အဦးကိုကြည့်ရင်း သက်ပြင်းတွေအခါခါချနေမိတယ်။
သူက ဆရာဖြစ်တာမို့ ဒီကျောင်းမှာ အခက်အခဲရှိရင်တောင် အနည်းငယ်တော့ အဆင်ပြေမှာပါလေ။ဒါကြောင့် လေပူတွေကို တစ်ချက်မှုတ်ထုတ်ရင်း ကျောင်းထဲကို ခြေချခဲ့တော့သည်။ယုံဆန်းဟာ သူတတ်ခဲ့ဖူးတဲ့ကျောင်းတွေလိုမျိုးမဟုတ်ပဲ မြင်မြင်သမျှ ထူးဆန်းနေခဲ့တယ်။ ကျောင်းဝတ်စုံကအစ ၊ ကျောင်းသားတွေရဲ့ ပြုမူပုံအဆုံး သူ့အတွက် အထူးအဆန်းတွေ။ အချိုးမပြေလှတဲ့ ကျောင်းသားတွေကြား ဖော်ရွေလောက်မယ့် တစ်ယောက်ကို မေးမြန်းရင်း ကျောင်းအုပ်ရုံးခန်းဆီ လာခဲ့တော့သည်။
"ရှန်ချွမ်းရွေ့ ထင်တယ်။ ပညာရေးဌာနက ဆက်သွယ်ထားတယ်"
"ဟုတ်ကဲ့။ ကျွန်တော်ဘယ်တန်းခွဲကို ဝင်ရမလဲမသိဘူး"
"အထက်တန်းနောက်ဆုံးနှစ်၊ တန်းခွဲ E ပါ။ အဲ့အခန်းက နည်းနည်းတော့ဆိုးတယ်။ အခုမှဆရာစဖြစ်တဲ့သူအတွက် ပင်ပန်းနိုင်ပေမယ့် ကြိုးစားပေးစေချင်တယ်"
ချွမ်းရွေ့ဟာ အမှန်ဆိုအခုချိန်မှာ တက္ကသိုလ်တတ်ရမယ့်အရွယ်ပဲရှိဦးမယ်။ သို့ပေမယ့် မိသားစုအခြေအနေကြောင့် အထက်တန်းပြီးတာနဲ့ ဆရာဖြစ်သင်တန်းကိုတတ်ခဲ့ရတယ်။
အခုသင်တန်းဆင်းတော့ ကျူတာအဖြစ်နဲ့ ယုံဆန်းမှာစာသင်ရင်း တက္ကသိုလ်ကိုအဝေးသင်တတ်ဖို့ စဉ်းစားထားခဲ့တာဖြစ်တယ်။