ပိတောက်မပွင့်သည့်သင်္ကြန်

3 0 0
                                    

ရေကစားသည့်အပျိုမယ်တိုင်း နှစ်စဉ်တမ်းတကြသည်က ပိတောက်ပန်းကိုပင်ဖြစ်သည်။ ပိတောက်သည် သင်္ကြန်မယ်များကို အလှတိုးစေ၏။ ဒီလိုပင် ပွဲလမ်းသဘင်များသည် ချိတ်စရာ ဘယ်ဘက်လက်မောင်းလေး မပါလျှင် ပိတောက်မပွင့်သည့် သင်္ကြန်ကဲ့သို့ မတင့်တယ်သယောင်ယောင်ရှိ၏။

မင်္ဂလာဆောင်ပြီး အကြင်လင်မယားမြောက်ပြီဟု ကြေညာပြီးသည့် လင်နှင့်မယား ဂုဏ်ပုဒ်လေးရပြီးသော လူပုဂ္ဂိုလ်များကို မဆိုလိုချင်ပါ။ အများအမြင် မေးကြသည်မှာလည်း အများဆုံးမေးခွန်းမှာ ခင်ပွန်းသည် မပါပေဘူးလား သို့မဟုတ် ထိုမိန်းကလေး၏ လင်ယောကျာ်းနာမည်ကို သိပြီးသူများကလည်း နာမည်ကိုပင်တပ်၍ ထိုသူမပါပေဘူးလားဟု မေးလိမ့်မည် ဖြစ်သည်။

သို့ရာတွင် အလုပ်ခွင့်ယူ၍ မရလို့ပါ သို့တည်းမဟုတ် ခရီးသွားနေလို့ပါ ဟု အကြောင်းတစ်စုံတစ်ရာပြလျှင် တစ်ဖက်လူမှ ကျေနပ်စွာ‌ ခေါင်းငြိမ့် လက်ခံပေလိမ့်မည်။ နောက်မှ ကလေးရပြီးသူများကို ကလေးကော မခေါ်ခဲ့ဘူးလား ခေါ်ခဲ့လိုက်တာမဟုတ်ဘူးအေ တွေ့ဖူးချင်နေတာ ဘာညာ လောကွတ်ချော်လိမ့်မည်။ မေးခံရသည့် မိန်းကလေးမှာလည်း အိမ်မှာပဲ ထားခဲ့လိုက်တာ ဟု ဝတ်ကျေတန်းကျေ ပြုံးပြသည့် အပြုံးမျိုးသာ မျက်နှာမှာ ဆင်မြန်းပေလိမ့်မည်။

မတွေ့တာကြာပြီဖြစ်သော ငယ်သူငယ်ချင်းများ စုံရပ်၊ ငယ်သူငယ်ချင်း တစ်ဦးဦး၏ မင်္ဂလာဆောင်၊ ကလေးမွေးနေ့ အစရှိသဖြင့် စုံလင်လှသည့် ခေါင်းစဉ်များတပ်ရာ ပွဲလမ်းသဘင်များသည် ချစ်သူ အဖော်ကလေးနှင့်မှ တက်ချင်စရာ ပွဲများဖြစ်သည်။

သို့ဖြစ်ပါ၍ တစ်ယောက်တည်းသောသမားများသည် ကိစ္စမရှိသော်ငြား ချစ်သူစုံတွဲဟု လူသိရှင်ကြား အများသိစေရန် ကြေညာပြီးသောသူများကတော့ တစ်ယောက်တည်းလား ကောင်လေးကော မပါဘူးလား ဒီလိုမေးခွန်းတွေအပြင် နင်တို့ကော ဘယ်တော့ယူမှာလဲ စသော မေးခွန်းတွေအတွက် အဖြေရှိရန်လိုသည်။

ချစ်သူ နှစ်ယောက်ကြား အဆင်ပြေနေသော အချိန်များကား အဖြေအဆင်သင့်ရှိပြီဖြစ်သည့်အပြင် မမေးရင်တောင် ပြောပြချင်သည့် ဘာသာရပ်များဖြစ်လိမ့်မည်။ သို့သော် အဆင်မပြေသည့်အချိန်တွင်ကား ကမ္ဘာပျက်သည့်နှယ် ဘာပြောလို့ပြောရမြန်းမသိ ဘာဖြေလို့ဖြေရမြန်းမသိ အဖြေမရှိသည့်အပြင် အားကိုတင်းနေအောင် အားတင်းထားရကာ အပြုံးမပျက် မျက်နှာမပျက်စေရန် ဟုတ်တယ် မပါဘူးလေ သူဒီမှာမဟုတ်ဘူးဟုသာ ဖြေရန်ရှိလိမ့်မည်။

ထို့ကြောင့် မိန်းမသားတို့ လက်ကလေး၏ တွယ်ဖက်စရာ ဤဘယ်ဘက်လက်မောင်းလေးသည် အားကိုးအားထားရာ မျက်နှာပန်းတင့်စွာ ပွဲလယ်တင့်စေသည့် ဂုဏ်ကိုဆောင်စေသည်။

ဤတွယ်ဖက်စရာ လက်မောင်းလေးမပါသည့်ပွဲသည် ငရဲကို သွားရာလမ်းနှင့်သာ တူတော့သည်။

ပိတောက်မပွင့်သည့် သင်္ကြန်ကဲ့သို့ ချစ်သူမပါသည့် ပွဲလမ်းသဘင်များသည် သင်္ကြန်ကို မျက်နှာငယ်စေသည့် ပိတောက်ပန်းပမာဖြစ်သည်။

၃၊ စက်တင်ဘာလ၊ ၂၀၂၄။
မနက် ၉:၂၃
ဆွေ (မန္တလေး)

ဆောင်းပါးများWhere stories live. Discover now