အွန်ဆော့ရဲ့လှုံ့ဆော်မှုကြောင့် သူငယ်ချင်းညီမဝမ်းကွဲဖြစ်သူရဲ့ မင်္ဂလာပွဲကိုလာရတဲ့ ဆောင်ချန်းက စီးပွါရေးလောကမှု လူတွေအများကြီးနဲ့ အဆက်အဆံရှိတယ်ဆိုပေမဲ့ လူမှုရေးမှာတော့ ဆောင်ချန်းမှာ သိကျွမ်းသူအဲ့လောက်မရှိချေ။အွန်ဆော့ရဲ့ ညီမဝမ်းကွဲ ဗြောဆိုတဲ့ကောင်မလေးရဲ့ မင်္ဂလာပွဲကလဲ ရင်းနှီးသောဆွေမျိုးမိတ်ဆွေနှင့်သူ့သူငယ်ချင်းတွေကိုသာဖိတ်ထားတာမို့လို့ ရိုးရှင်းနေသည်။
မင်္ဂလာပွဲမစခင်ဖွင့်ထားတဲ့ သီချင်းတီးလုံးက ငြိမ့်ငြိမ့်ညောင်းညောင်း။ ခန်းမထဲကိုဝင်လာနေဆဲ ဧည့်သည်တွေကိုနှစ်ဖက်မိဘများက တာဝန်ယူနူတ်ဆက်နေကြတာကိုတွေ့နေရသည်။
ခန်းမတစ်ခုလုံးကိုအကြည့်တစ်ချက်ဝေ့လိုက်တော့ တစ်နေရာအရောက်တွင် ဆောင်ချန်းရဲ့မျက်လုံးနှစ်ဖက်က မသိမသာကျယ်ဝန်းသွားပြီး မျက်ခုံးနှစ်ဖက်ပင့်မိသွားတယ်။
သူထိုင်တဲ့နေရာကနေ နှစ်ဝိုင်းအကျော်မှာ ဝင်ထိုင်လိုက်တဲ့ကောင်လေးက အိမ်က ဟိုကလေးမဟုတ်လား။ ဝန်ဘင်းရဲ့ဘေးနားမှာ ကောင်လေးတစ်ယောက်ကလဲကပ်ပါလာ၏။ အဲ့ကောင်လေးက အီသန်မို့လို့ ဆောင်ချန်းရဲ့အလိုမကျတဲ့မျက်နှာက သိသိသာသာဖြစ်သွားတယ်။
ဝန်ဘင်းတို့ရှိတဲ့ဝိုင်းကိုဆက်မကြည့်တော့ပဲ ကိုယ်ခန္တာကိုယ်ရှေ့ကိုပြန်လှည့်လိုက်ပြီး အာရုံပြောင်းအောင်ကြိုးစားလိုက်ပေမဲ့ ဆောင်ချန်းရဲ့ခေါင်းထဲ မေးခွန်းတွေရှိလာတယ်။
ဝန်ဘင်းကဘာလို့ အွန်ဆော့ ညီမဝမ်းကွဲရဲ့မင်္ဂလာပွဲကိုလာတာလဲ။အသိတွေလား..။ ဘာလို့ အီသန်နဲ့ အတူတူလာတာလဲ။ ပြီးတော့ ထပ်ပြီး မေးခွန်းတွေက ခေါင်းထဲအများကြီးပေါ်လာ၏။
ခါတိုင်း ဘယ်သွားမယ်၊ ဘာစားမယ်အစ မကြားချင်မှအဆုံး သံတော်ဦးတင်တတ်တဲ့ ဝန်ဘင်းက မင်္ဂလာပွဲကို အီသန်နဲ့အတူတူလာတယ်။ ဒီနေ့ည အပြင်သွားစရာရှိတဲ့အကြောင်းကို ဆောင်ချန်းဆီတစ်ခွန်းမှမဟလာဘူး။