ဗီရိုမှာ တွန်းကပ်ခံလိုက်ရသည့် အီသန့်ကျောပြင်ကျယ်နှင့်
ပခုံးတွေဟာ နာဖို့ သတိမရနိုင်ဘဲ နှုတ်ခမ်းကိုက်လို့သာ နှုတ်ခမ်းစွန်းတစ်ဖက်ကို တွန့်ကွေးထားတယ်။အရှေ့မှာရှိနေတဲ့ မျက်လုံးဝင့်ဝင့်တွေနဲ့
မျက်နှာကြော့ကြော့ ပိုင်ရှင်ကိုသာ ကြည့်လို့
မျက်လုံးတွေအထိ အသက်ဝင်ပြုံးရယ်လာတာက ခပ်စစ။"ကိုယ့်ညီမလေးကို မင်းက လက်ထပ်မှာပေါ့ ဟုတ်လား အီသန်"
နောက်ပြောင်ကျီစယ်ခြင်းမျိုးဖြင့်သာ အီသန့်ပုံစံမှာ
ပေါ့ပါးစွာ ခေါင်းကို ညိတ်လာခဲ့လျှင် ဆောင်းဟွန်း မျက်နှာမှာ အနည်းငယ် အရောင်ပြောင်းလို့။မပျော်တော့တဲ့ မျက်လုံးလေးတွေမှန်း အီသန် သိတယ်။
"ဘာလို့လဲ ဆောင်းဟွန်း.. ကျွန်တော်တို့ရဲ့ အရင်က ဇာတ်လမ်းတွေကို ထားခဲ့ရအောင်"
ကြော့မော့တဲ့ အပြုံးတစ်စဟာ ဆောင်းဟွန်းနှုတ်ခမ်းစွန်းတွေမှာ။
"မင်းက မေ့ပြီပေါ့"
"မေ့တယ်ဆိုတာ အမှတ်တရတွေကို သိမ်းထားပြီးမှ မေ့ရတာလေ ဆောင်းဟွန်းရဲ့ .. ကျွန်တော့်ရင်ထဲ ဘာမှကို မရှိခဲ့ဘူး"
အတိတ်တွေဆိုတာ မေ့ရက်စရာ မရှိခဲ့ကြောင်းကို ပြောချင်ပေမယ့်
အီသန် ယုတ္တိရှိအောင် လိမ်ညာပစ်လိုက်တယ်။"အော .. ဟ ဟ အီသန် တကယ်ပဲ ဟုတ်ရဲ့လား ဟင်?"
အီသန့်နှုတ်ခမ်းပါးဆီ တိုးဝင်သွားတဲ့
လှပသေသပ်တဲ့ နှုတ်ခမ်းတွေမှာ နူးညံ့မွတ်သိပ်မှုဟာ ရဲရဲတင်းတင်း။မေးရိုးတွေကို ဆွဲမပြီး အသံ ညံညံကလေးတွေပါလာသည်အထိ နမ်းရှိုက်ခံနေရခြင်းကို
အီသန်ဟာ ဘယ်အချိန်ထိ တောင့်ခံထားမှာတဲ့လဲ။ဟုတ်တယ်။ ဆောင်းဟွန်းဘက်က ရပ်တန့်သွားတဲ့အထိ အီသန် နေနိုင်တယ်။
ဒါပေမယ့်
ဆောင်းဟွန်းထံမှ ပေးအပ်တဲ့ အနမ်းစိပ်စိပ်တွေရဲ့ နောက်ဆက်တွဲ
မျက်ဝန်းထဲက ရီဝေနူးညံ့တဲ့အကြည့်တွေကိုတော့ အီသန် ခံနိုင်ရည်မရှိခဲ့။