အချိန်အားဖြင့် ညဆယ်နာရီခွဲခန့်
နံရံပေါ်က နာရီစက္ကန့်လက်တံရဲ့ပြေးလွှားသံကလွဲရင် အခန်းထဲရှိ အရာအားလုံး ငြိမ်သက်လျှက်ရှိသည်။
ခုတင်ဘေးကစားပွဲပေါ်မှာ ရေးလက်စမှတ်စုစာအုပ်နဲ့ကော်ဖီခွက်တို့က ဒီအတိုင်းရှိနေသည်။
စားပွဲထိပ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းပွင့်တို့ကတော့
နွမ်းခြောက်နေရုံသာမက ပွင့်ဖက်တချို့တို့ပင် ခုံပေါ်ကြွေကျနေသည်။နွမ်းနေတဲ့ ပန်းတွေအစား ပန်းအသစ်ကိုလည်း သူမလဲဖြစ်တော့ပါ။
အင်းလေ မနက်ဖြန်ဆို ဒီအိမ် ဒီအခန်းမှာသူနေတော့မှာမှ မဟုတ်တာ။ခုတင်းဘေးမှာ စာအုပ်နဲ့ဖိုင်တချို့က အိတ်ထဲသို့ ထည့်လက်စဖြစ်ကာတချို့ကတော့ ဖြန့်ထားတဲ့အတိုင်း ပြန့်ကျဲနေသည်။
ခုတင်ပေါ်မှာ အတန်ကြာအောင်လှဲနေရင်းက နံရံပေါ်ကနာရီကို တချက်ကြည့်လိုက်တော့လုပ်လက်စအလုပ်တွေကို အပြီးသတ်ဖို့အသိပြန်ဝင်လာခဲ့သည်။များများစားစားမရှိလှတဲ့ အဝတ်တွေထဲမှ ခပ်လတ်လတ် ရှပ်အင်္ကျီနဲ့ပုဆိုးငါးစုံကို ရွေးထုတ်လိုက်သည်။
ရွာမှာစာသွားသင်မယ့် ကျောင်းဆရာတစ်ယောက်အတွက် အရောင်သိပ်ထွက်နေမယ့် အဝတ်အစားအသစ်မျိုး မလိုအပ်ဘူးလို့ သူထင်သည်။ထို့အတူ ကျောင်းဝတ်စုံတွေထဲမှာလည်း သူကျောင်းတတ်ရင်း ဝတ်နေကျအရောင်သိပ်မကျသေးတဲ့ အဖြူအစိမ်းသုံးစုံကိုသာ ရွေးဖယ်ထားလိုက်သည်။
ပြန့်ကျဲနေသော စာအုပ်တွေထဲကလိုအပ်တဲ့ မှတ်စုစာအုပ်တချို့ရယ် သင်ကြားရေးနဲ့ပတ်သတ်တဲ့ စာရွက်စာတမ်းတို့ကို ရွေးဖယ်ကာထည့်လက်စ အိတ်ထဲကိုအပြီးသတ်ထည့်လိုက်သည်။အဝတ်အစားတွေကိုတော့ ခရီးဆောင်အိတ်တွေထဲက အသေးဆုံးတစ်ခုထဲကို ရွေးထည့်လိုက်သည်။
အသုံးစရိတ်အတွက်ကတော့ ကျောင်းတက်စဉ်က မမကြီးပေးနေကျမုန့်ဖိုးတွေထဲက တစ်ဝက်ကိုစုထားတာကြောင့် ခနတဖြုတ်တော့ သုံးဖို့အဆင်ပြေမည်။ရွာမှာနေရမှာဆိုတော့အသုံးစရိတ်က ရန်ကုန်မှာလို
များများစားစား မလိုဘူးလို့ထင်သည်။
ကျောင်းတက်နေတုန်းလည်းသူ့အသုံးစရိတ်က တစ်လကို တစ်သိန်းအောက်သာရှိသည်။