"ဆယ်ပြားရေ.....ဆယ်ပြား
အေးလွင့်.....ဟဲ့ အေးလွင်
ဒီ ငနာနှစ်ကောင်
ဘယ်ရောက်နေကြတာတုန်း
ခေါ်လို့မကြား အော်လို့မကြားနဲ့"အိမ်ရှေ့က ဒေါ်စိမ်းမြရဲ့အသံကြောင့်
သူလန့်နိုးလာခဲ့သည်။
လက်ကနာရီကိုကြည့်လိုက်တော့
ခြောက်နာရီရှိပြီ။အိပ်ယာအသစ်မို့
ညက သူတစ်ညလုံးအိပ်မရဘဲ
မိုးလင်းခါနီးမှ
မှေးခနဲအိပ်ပျော်သွားခဲ့တာ။
ရွာကလူတွေက အခုလိုပဲ
မနက်ဆို အစောကြီး
ထကြတယ်ထင်တယ်။ရန်ကုန်မှာဆိုရင်တော့
ဒီအချိန်ဆို
အိပ်လို့ကောင်းတုန်းရှိသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ဧည့်သည်ဖြစ်တဲ့သူက
အိမ်ရှင်တွေနိုးနေတဲ့တိုင်အောင်
အိပ်နေမိတာတော့
အားနာဖို့ကောင်းလှသည်။
နောက်နေ့တွေဆိုရင်တော့
သတိ ဝီရိယထားပြီး
စောစောထမှဖြစ်မည်။"လာပါပြီဗျ ကျွန်တော့်ကို
ဘာခိုင်းမလို့လဲ သူကြီးကတော်"ဆောင်းတွင်းမနက်ခင်း
ဖြစ်ပေမယ့် ဆယ်ပြားကိုယ်လုံးမှာတော့
ချွေးတွေရွှဲလို့။"အေးလွင်ရော ဘယ်မလဲ"
"အေးလွင် နွားစာကျွေးဖို့
နွားတွေသွားထုတ်နေတယ် သူကြီးကတော်
ကျွန်တော်က နောက်ဖေးမှာ
နွားစာစင်းနေတာပါ
အဲ့တာကြောင့် သူကြီးကတော်ခေါ်တာ
မကြားလိုက်တာ"ဒေါ်စိမ်းမြက အိမ်ရှေ့ကွက်ပျစ်ပေါ်မှာ
ဟင်းချက်ဖို့ အသီးအရွက်တွေကို
နွှာနေလျှက်ဖြစ်သည်။"အေး ပြီးရင် လှည်းကို
အဆင်သင့်ပြင်ထားလိုက်
ဆရာလေးကိုကျောင်းလိုက်ပို့ရမယ်"သူလည်း အောက်မှာ
အသံတွေကြားတာနဲ့
မျက်နှာအရင်သစ်ပြီး
ဆင်းလာခဲ့လိုက်သည်။"ကျောင်းကဝေးလို့လား ဒေါ်ဒေါ်
သိပ်မဝေးရင်
လမ်းလျှောက်သွားလိုက်ပါမယ်"အိမ်ပေါ်ကဆင်းလာတဲ့
သူ့ကိုမြင်တော့ ဒေါ်စိမ်းမြက
အားနာသွားဟန်နဲ့"ဆရာလေးနိုးလာပြီလား
ကျွန်မအသံကြောင့်ထင်တယ်
အားနာလိုက်တာ""မဟုတ်ပါဘူး ဒေါ်ဒေါ်ရယ်
ကျွန်တော်နိုးနေပါပြီ
ညကအိပ်မပျော်တာနဲ့
ခနလှဲနေနေတာ"