[Unicode]
လူတွေအကုန်လုံးက ကိုယ်ဟာ အဲဒီအဖြစ်အပျက်ကို မေ့ပြီး ကောင်းကောင်းနေ၊ ကောင်းကောင်းစားနိုင်နေပြီလို့ ထင်ပေမဲ့ တကယ်တမ်းကျ တခြားစီဖြစ်နေတာ ဘယ်လောက်ကြေကွဲစရာကောင်းလိုက်လဲ။
သူ့ကို သတိရလွန်းလို့ အိပ်မက်ထဲမှာ သူ့မျက်နှာလေး မြင်ရအောင်ဆိုပြီး ညဆို အိပ်မပျော်မချင်း အရူးတစ်ယောက်လို သူ့အကြောင်းတွေချည်း တွေးခဲ့ရတာ အခုအချိန်ထိပဲ။ အပြင်မှာ တကယ်ဖြစ်နေသလိုမျိုး ခံစားရတာကို ယစ်မူးလွန်းလို့၊ လက်တွေ့ဘဝက နာကျင်ရလွန်းလို့ နေ့ဆို စိတ်ကူးယဥ်ကမ္ဘာထဲ ရူးပြီး ညဆို အိပ်မက်ထဲမှာ ရူးခဲ့ရတာ သူ့ကို သိစေချင်လိုက်တာ။
လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ကျူရှင်မှာ တွေ့ခဲ့ရတဲ့ ပုံလေးက အခုအချိန်ထိ ကိုယ့်မျက်လုံးထဲမှာ စွဲထင်နေတုန်းပဲ။ ပုခုံးကျော်ကျော်လေးပဲရှိတဲ့ အဲဒီဆံပင်ကောက်ကောက်လေးတွေကို ရူးသွပ်ခဲ့ရတာ။ သူ ဆံပင်ချလိုက်တိုင်း စိတ်တွေလွတ်ထွက်ခဲ့ရတာ။ မနက် ၇ နာရီခွဲ ကျူရှင်အရောက်လာရလို့ အိပ်ရေးမဝဖြစ်နေတဲ့ပုံလေးကို ကြည့်ပြီး အချစ်ပိုခဲ့ရတာ။ သူများနဲ့မတူတဲ့ စားပွဲပေါ်လက်ထောက်ပုံလေးကအစ အင်္ကျီလက်ကို ဆွဲတင်တာအဆုံး အရူးတစ်ယောက်လို မြတ်နိုးခဲ့ရတာ။
အဲဒီလိုမျိုး အရင်တုန်းက အကြောင်းတွေကို ပြန်သတိရမိရင် နာကျင်ရလွန်းလို့ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်တုန်းကလို မင်းသမီးတစ်ယောက်ယောက်ကို ကြိုက်ပြီး အာရုံလွှဲဖို့ ကြိုးစားတာလည်း သုံးလေးပတ်ကလွဲရင် မခံတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သိနေတယ်၊ သူ့ဆီကနေ ဘယ်လောက်ပဲ ရှောင်ပြေးဖို့ ကြိုးစားကြိုးစား၊ နောက်ဆုံးတော့ ပြန်ရောက်လာရမှာပဲဆိုတာ။ ဒါပေမဲ့ ကြိုးစားနေမိတုန်းပဲ။ သူ့ကို ကိုယ်ဘဝထဲက ထုတ်ပစ်ဖို့မဟုတ်ဘဲ ခဏလောက်ဖြစ်ဖြစ် ပုံမှန်လူသားတစ်ယောက်လို ရှင်သန်နိုင်ဖို့ ကြိုးစားနေမိတုန်းပဲ။ အဲဒီလိုရှင်သန်နေနိုင်တုန်း ခဏမှာတော့ အဆင်ပြေသလိုရှိပေမဲ့ လက်တွေ့ဘဝကို ပြန်ရောက်လာတဲ့အခါ အရင်ထက် အဆပေါင်းများစွာ ပိုနာကျင်ရတယ်။ ကိုယ်လိုချင်တာကို မရနိုင်အောင် လုပ်ခဲ့တဲ့သူ နဲ့ ကိုယ်ချစ်တဲ့သူကို နာကျင်အောင် လုပ်ခဲ့တာက ကိုယ်ကိုယ်တိုင်ပဲ ဆိုတာကို သတိရမိတဲ့အခါတိုင်း ဒေါသထွက်လွန်းလို့ မျက်ရည်ကျမိတဲ့အထိပဲ။
YOU ARE READING
အပိုင်းအစများ
Randomအတွေးများအဖြစ်မှ စကားလုံးများဆီသို့ အေတြးမ်ားအျဖစ္မွ စကားလံုးမ်ားဆီသို႔