[Unicode]
လမင်းကြီးကို မြင်လိုက်တိုင်း ကျွန်မရင်ထဲက အပူတွေ ငြိမ်းအေးသွားသလို ခံစားရ၏။ အမြဲလိုလို အာရုံပျံ့လွင့်နေတတ်သည့် ကျွန်မက လကို မြင်လျှင်တော့ ဒီအပေါ်မှာပဲ အာရုံစုစည်းမိသွားသည်။
နက်မှောင်နေသော ကောင်းကင်ပြင်တွင် တစ်ကိုယ်တည်း တောက်ပနေသော လမင်းကြီးကို တိမ်တ်ိုက်လိပ်လေးတွေက ဘေးကနေ အဖော်ပြုပေးနေကြသည်။ ဒီနေ့ ကဆုန်လပြည့်ညက အခြား လပြည့်ညများထက် ပိုလှနေသည်ဟု ထင်မိသော်လည်း လပြည့်ညတိုင်း ကျွန်မ ဒီလိုပဲ တွေးတတ်သည်ကို အမှတ်ရလိုက်ပါသည်။
ဒီလိုအချိန်မျိုးဆို အထပ်မြင့်တိုက်မှာ နေရခြင်းကို မွန်းကျပ်သည်ဟု တွေးမိ၏။ ကိုယ့်ခြံဝန်းလေးထဲမှာ ပက်လက်ကုလားထိုင်လေးတစ်လုံး ချထိုင်၊ ဘေးမှာ ရေဒီယိုလေး ဖွင့်ထားကာ လမင်းကြီးကို ကြည့်မည်ဆိုသည့် အတွေးတွေက လပြည့်ညတိုင်း ကျွန်မကို အဖော်ပြုသည်။ ကျွန်မ၏ အတွေးတွေကို အချိန်ပြည့် စိုးမိုးထားသူနှင့် လမင်းကြီးကို အတူတူ ကြည့်ချင်မိ၏။ ထိုအတွေးများနှင့် ထူးအိမ်သင်၏ 'ဆွေးတယ်' သီချင်းတေးသွားသံစဥ်များက ကျွန်မဦးနှောက်ထဲတွင် တူယှဥ်တွဲကာ ပြေးလွှားကခုန်နေကြသည်။
အခုတော့ ကျွန်မဟာ တိုက်ခန်းနောက်ဖေးလေးမှာပဲ တစ်ယောက်တည်း မလှုပ်မယှက်ရပ်ပြီး လ၏ အလှကို ခံစားရသည်။ အနည်းဆုံးတော့ ကျွန်မတို့နှစ်ယောက်က တူညီသည့် နေရာဒေသမှာ တူညီသည့် အချိန်ကာလကို ဖြတ်ကျော်နေကြသည်ဟု ဖြေသိမ့်ရ၏။ သူရော ဒီလပြည့်လကို ကြည့်နေလေမလားဟု တွေးမိလိုက်လျှင် ကျွန်မ မပြုံးမိဘဲ မနေနိုင်ပါ။ တစ်ခါတလေကျလျှင် သူ့ကို သတိရနေကြောင်း ပြောပြပေးပါလား လမင်းကြီးရယ်ဟုလည်း ကျွန်မစိတ်ထဲက ပြောနေတတ်သေး၏။
တိမ်ဖုံးနေသည့်တိုင် လမင်းကြီး၏ အလင်းရောင်မှာ မလျော့ကျသွားပါ။ မီးရောင်စုံ ဖုံးလွှမ်းနေသည့် မြို့ပြညကိုလည်း လမင်းကြီးက တာဝန်မပျက်ပင် ထွန်းလင်းပေးနေမြဲ ဖြစ်သည်။ ကျွန်မ၏ မှောင်မိုက်နေသည့် စိတ်အစုံကိုလည်း လမင်းကြီးက အလင်းရောင်ပေးသည်။ ငယ်ငယ်တုန်းက လမင်းကြီးကို မြင်တိုင်း ပျော်ရွှင်ရသလို အခု မြင်တော့လည်း စိတ်အေးချမ်းနေရမြဲပင် ဖြစ်ပါသည်။
YOU ARE READING
အပိုင်းအစများ
Casualeအတွေးများအဖြစ်မှ စကားလုံးများဆီသို့ အေတြးမ်ားအျဖစ္မွ စကားလံုးမ်ားဆီသို႔