[Unicode]
တစ်ခုတည်းသာ ကျန်တော့သည့် ကွမ်းခြံကုန်းပဲမုန့်ဘူးကို ကြည့်ဖို့ ကြောင်အိမ်ဖွင့်သည်မှာ တစ်နေ့တည်းတင် ဆယ်ခါလောက် ရှိတော့မည် ထင်သည်။ သင်္ကြန်ပြီးဖို့ တစ်ရက်မျှသာ လိုတော့သည်။ အခုအချိန် စားလိုက်လျှင်လည်း နောက်ရက် ပြန်ဝယ်လို့ရလောက်ပြီ။ ဒါပေမဲ့လည်း ကျွန်မ မစားရက်သေးဘဲ မုန့်ဘူးကို ကြောင်အိမ်ထဲ ပြန်ထည့်လိုက်ပြန်၏။
ကွမ်းခြံကုန်းပဲမုန့်နှင့် ကျွန်မအကြား ထူးခြားသည့် ရေစက်ရှိသည်ဟု ပြောလျှင် ကြားရတာ တစ်မျိုးဖြစ်ကောင်းဖြစ်နေလိမ့်မည်။ သို့သော် ကျွန်မတို့ကြားက ဆယ်သွယ်မှုက လူတစ်ယောက်ကြောင့် ပိုထူးခြားလာရသည်ဟု ပြောလျှင်တော့ လက်ခံနိုင်လောက်မည် ထင်ပါသည်။
ခြောက်တန်းတုန်းက ကျွန်မ ကြည့်မရသောသူတစ်ယောက်သည် ဘူးတစ်ဘူးကို ကိုင်ကာ မြောက်ကြွမြောက်ကြွနှင့် အတန်းထဲကို ဝင်လာ၏။ ထိုအချိန်အထိ ကျွန်မ အဲဒီဘူးကြီးကို ဘာမှန်း လုံးဝ မသိသေးပါ။ မနေနိုင်စွာပင် စပ်စုကြည့်မှသာ ကျွန်မချစ်ရသည့်ဆရာမ ပေးလိုက်သော ပဲမုန့်ဘူး ဖြစ်နေကြောင်း သိရသည်။ ထိုဘူးကို ကိုင်ကာ သေချာ စူးစမ်းလေ့လာကြည့်တော့ လိပ်စာမှာ ကွမ်းခြံကုန်း ဖြစ်နေသည်ကို တွေ့ရ၏။
ပဲမုန့်ဟု ပြောလို့သာ ယုံရသည်။ ကျွန်မအတွက်တော့ ထိုပဲမုန့်၏ အသွင်အပြင်နှင့် ထုပ်ပိုးမှုပုံစံတို့က ထူးခြားလို့နေ၏။ တစ်ခုချင်းစီ ထုပ်ထားခြင်းမျိုး မဟုတ်ဘဲ ဆယ်ခုတစ်ဘူးအနေနှင့် ထုပ်ပိုးထားခြင်း ဖြစ်သည်။ ပဲမုန့်၏ အသွင်အပြင်မှာလည်း ကျွန််မ ပုံမှန်တွေ့နေကျ ဖြူဖြူလေးမဟုတ်ဘဲ ရွှေညိုရောင်သမ်းနေသည့် ဆီကြော်မုန့်ပုံစံမျိုး ဖြစ်ပါသည်။
ပဲမုန့်သည် ကွမ်းခြံကုန်း၏ အထင်ကရ အစားအစာတစ်ခုဖြစ်ပုံရသည်ဟု ကျွန်မ ကောက်ချက်ချလိုက်၏။ ထိုအချိန်က ဝိုင်ဖိုင်မပြောထားနှင့်၊ အင်တာနက်တောင် မှန်မှန်မသုံးနိုင်သေးသည့် အချိန်ဖြစ်၍ နောက်ပိုင်းမှသာ ကွမ်းခြံကုန်းတွင် ငါးသလောက်အိုးမှောက်နှင့် ပဲမုန့်က နာမည်ကြီးဖြစ်ကြောင်း သိရလေသည်။ ဤကား ကွမ်းခြံကုန်းပဲမုန့်ကို ပထမဆုံးအကြိမ် မြင်ဖူး၊ ကြားဖူးခြင်း ဖြစ်၏။
YOU ARE READING
အပိုင်းအစများ
Alteleအတွေးများအဖြစ်မှ စကားလုံးများဆီသို့ အေတြးမ်ားအျဖစ္မွ စကားလံုးမ်ားဆီသို႔