အပိုင်း - ၃ ( Z )

1K 103 6
                                    


    ရုရှားမှာ နွေရာသီဆိုပေမဲ့ မြန်မာပြည်မှာတော့ မိုးရာသီဖြစ်သည်။

    မိုးတအုံအုံ့..၊ ခပ်စိမ့်စိမ့်အေးနေသည့် ရာသီဥတုအခြေအနေ၊ နေရောင်မပေါက်အောင် အနည်းငယ်မှုန်မှိုင်းနေတဲ့လေထုအောက်မှာတောင်  ‘နန်းရိပ်မြိုင်’၏ထည်ဝါမှုက ခိုင်မာနေ၏။

    ‘နန်းရိပ်မြိုင်’ဆိုတာ မူလကိုလိုနီခေတ်လက်ကျန် ဗြိတိသျှဟန် လေးထပ်တိုက်အဆောက်အအုံကြီးကို  မူရင်းလက်ရာမပျက်စေရဘဲ မျက်နှာစာလေးဖက်နှင့်ဗီလာကြီးတစ်ခုအဖြစ် ပြန်လည်တိုးချဲ့မွမ်းမံကာ တည်ဆောက်ထားသည့်၊ ရပ်ကွက်တစ်ခုစာလောက် အသာလေးကျယ်ကာ သက်တမ်းရင့်သစ်ပင်ကြီးများအပြင် စနစ်တကျအကွက်ဖော်စိုက်ပျိုးထားသော ပန်းမန်ဥယျာဉ်ခြံကျယ်ကြီးနှင့် ထူးထူးကဲကဲ ခမ်းနားလွန်းသည့် စံအိမ်ဂေဟာ..။

    ရန်ကုန်နဲ့ပဲခူးကြားမှာရှိနေပေမဲ့ ရန်ကုန်နဲ့ပိုနီးသည့် ဒီနေရာက ဆိုင်းဘုတ်မတပ်ထားရပါဘဲ ‘နန်းရိပ်မြိုင်’ဟု တွင်နေရသည်က သူ့အကြောင်းနဲ့သူ..

        “နန်းရိပ်မြိုင်လား.. လူကြီးတွေပြောကြတာတော့ ဘုရင်တွေလက်ထပ်ကတည်းက သူကြွယ်မျိုးရိုးတွေ နေခဲ့ကြတယ်ဆိုပဲ။ ဘုရင်ခေတ်က တကယ်ကြွယ်သလား၊ မကြွယ်သလားတော့ မသိဘူး။ ကျုပ်တို့တစ်သက်‌တော့ သူတို့လောက် ချမ်းသာတာ သူတို့ပဲရှိတယ်..”

        “ချမ်းသာတာလည်း မပြောနဲ့‌လေ။ ဘယ်လောက် စိတ်‌ကောင်းရှိသလဲ၊ ရက်ရောသလဲ။ မေမေကြီးကစပြီး အခု သူ့မြစ်မကလေးအထိ မမောက်မာဘူး။ အေးအေးချမ်းချမ်းပဲ နေကြတာ။ အခု တို့မိသားစု ပြေလည်နေတာကလည်း ကျွန်မသမီး‌‌တွေအကုန် သူတို့ပိုင်တဲ့ပိုးထည်တိုက်‌တွေမှာ အလုပ်ရထားကြတာကိုး။ အလုပ်သမားတွေကို သိပ်ညှာသတဲ့၊ လခလည်း ကောင်းကောင်းပေးတယ်ရှင့်..”

        “ကြာ‌ရော‌ပေါ့.. နန်းရိပ်မြိုင်က တစ်ဦးတည်းသောမြစ်မကလေး အိမ်ထောင်ကျသွားတာ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်‌တော့ ရှိ‌ရောပေါ့။ ခင်ပွန်းသည်က နိုင်ငံခြားသားတဲ့လေ။ ရုရှားလူမျိုးဆိုလား.. သေချာတော့ မသိပေမဲ့ ယူလိုက်တဲ့ယောက်ျားကလည်း တော်တော့်ကို ချမ်းသာတာတဲ့..”

"Armed affection"Where stories live. Discover now