" ကိုယ့်ရဲ့ပထမဆုံးနဲ့ နောက်ဆုံး အချစ်ကို မင်းရဲ့အပိုင်အဖြစ် ပေး မယ် ။ စိတ်တိုင်းကျ ၊ ကြိုက်သလို အသုံးတော်ခံပါ ဟန်နီ ' ..... တဲ့
_________________________________________
" နောက်ကျတယ် "
မင်းစောင့်နေမှာသိလို့ မီးပွိုင့်မိနေတဲ့ တက္ကစီပေါ်ကနေ ဘယ်လောက်တောင် ပြေးခဲ့မိမှန်းမသိပေမဲ့ မျက်ခုံးနှစ်ဖက်စလုံး တွန့်ချိူးနေအောင် မျက်မှောင်ကြုတ်ထားတဲ့ ဆူပုတ်ပုတ် အလိုမကျ မင်းမျက်နှာထားကို မြင်ရရုံနဲ့ ကိုယ်ဟာ မောဟိုက်ဖို့မေ့နေခဲ့တယ် ။ ဟာသတစ်ခုပဲနော် ၊ မင်းချစ်နေတဲ့သူအတွက် ပေးဖို့ပန်းကို ကိုယ့်ကို လက်ဆင့်ကမ်းယူခိုင်းရတယ်လို့ ဟန်နီရယ် ...
" ဟိုကဖြင့် သွားပြီ "
ရပါတယ် ၊ ချစ်နေတဲ့သူကို ပန်းပေးရင် အလှမ်းဝေးတယ်လေ ၊ မင်းနဲ့သူနဲ့ အလှမ်းဝေးရဖို့အတွက် ပန်းဆက်သမားဟာ ကိုယ်ဖြစ်နေရတာလဲ ကိုယ့်ရဲ့ ကံကောင်းခြင်းတစ်ခုပါ ဟန်နီ ...
မနက်အစောကြီးသွားယူခဲ့ပေမဲ့ အခုထိ နီရဲစိုထွေးနေသေးတဲ့ နှင်းဆီအပွင့်အငုံတွေက ငါ့ကိုဒေါသထွက်လွန်းနေတဲ့ မင်းနှုတ်ခမ်းပါးပါးတွေလောက် မလှပါဘူးကွာ ၊
" တကယ်ပဲ . အားကိုးလို့ကို မရဘူး "
ဘယ်လောက်ပဲ အစွမ်းကုန် လှလှပပ ပွင့်ဖူးနေပါစေ ၊ အဲ့ဒီအပြစ်မရှိတဲ့ နှင်းဆီအပွင့် တထွေးကြီးက ကိုယ့်အစား ဒဏ်ခတ်ခံရပြီး လမ်းမပေါ်ကို အတုံးအရုန်းပါပဲ လွှင့်ပစ်ခံလိုက်ရတယ် ၊ သနားစရာ ပန်းလေးတွေ ။
" တောင်းပန်တယ် "
ဒီလို မဟုတ်သေးဘူး ၊ အတိအကျ ပြန်ဆန်းစစ်ရကြေးဆိုရင် အခု ကိုယ့်နှလုံးသားရောက်နေတဲ့နေရာကလည်း အဲ့ဒီနှင်းဆီတွေနဲ့ ဘာများ ကွာခြားနေသေးတာမို့လဲ ၊ မင်းရဲ့ဖိနပ်၊ မင်းရဲ့ခြေဖဝါးအောက်မှာပါပဲ ။
ဟော . ကြေမွနေတာများကွာ ....
အစအနတွေ၊ အပိုင်းအစတွေ မြင်မကောင်းတဲ့အထိပါပဲ ...." တောင်းပန်တယ် "
ဒီစကားကို ကိုယ် သိပ်မုန်းပါတယ် . ဟန်နီ