" လူတစ်ယောက်ကို တစ်ဖက်သတ် သဘောကျရခြင်း ၊ ချစ်မြတ်နိူးရခြင်းတွေဆိုတာကလေ မူးယစ်ဆေးဝါးတွေလိုပါပဲ ၊ စမ်းသပ်ဖို့တောင် မသင့်လျော်ဘူးလေ ၊ ဒါပေမဲ့ သိလား ၊ ကိုယ်ကတော့ မင်းအပေါ် ဖြတ်တောက်ရခက်တဲ့ စွဲလမ်းမှုဖြစ်နှင့်ပြီးသား ဟန်နီ " ..... တဲ့ ။
_________________________________
" မင်း မချစ်တဲ့သူကို ရင်ခွင်ထဲထည့်ပြီးနေရတာ ဘယ်လိုခံစားချက်လဲ ဟန်နီ "
သိလိုစိတ်နဲ့ မေးလိုက်တာ မဟုတ်ဘဲ ၊ အဖြေရှိနှင့်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို တမင်သက်သက် မေးခြင်းကို ဟန်နီ သဘောပေါက်တယ် ထင်ပါတယ် ၊ အရောင်နုနု ချယ်ရီ ပွင့်ဖတ်အပါးလေးနဲ့တူတဲ့ နှုတ်ခမ်းလေးက ခပ်ထေ့ထေ့ပြုံးတယ် ။ အတွေးတွေများပြီး ကိုယ်အိပ်မပျော်တဲ့ ညဘက်တွေမှာ တစ်ခါလေးဖြစ်ဖြစ် ကိုယ် တရေးတမော အိပ်ကြည့်ချင်တဲ့ ကော့ ညွှတ်သယောင် ၊ ဒန်းပုခက်လိုနဲ့ မျက်တောင် စိပ်စိပ်တွေ အသာပင့်ပြီး ကြည့်လာတယ် ။
" မင်း မေးတာ ငါ နားမလည်ဘူး"
ဟန်နီရယ် တခါတလေ မင်းက ကိုယ့်အသက်တိုဆေးလေးတစ်ခွက်ပဲ ။ ကိုယ့်ကို အလိုမကျတဲ့ မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်ပစ်စမ်းပါ ။ မကျေနပ်တဲ့ စကားတွေနဲ့ ကိုယ့်ကို ထစ်ငေ့ါနေစမ်းပါ ။ မင်းရဲ့နူးညံ့ခြင်းတွေ ၊မင်းရဲ့ကြည်လင်ခြင်းတွေ ရောပါနေတဲ့ ကိုယ် အသက်ရှုကြပ်ရတဲ့ ၊ ကိုယ် အသိစိတ်လွတ်နိုင်တဲ့ ဝိုင်ချိုချိုတစ်ခွက်လို တရိပ်ရိပ် ယစ်မူးစေတတ်တဲ့ မင်းအပြုံးကို တကယ်ပဲ ကိုယ်ခံနိုင်ရည်မရှိတာ မင်း မသိချင်ယောင်ဆောင်နေတာပဲ ။
" သေချာလား ဟန်နီ "
" ဒါဆို မင်းဖြေကြည့်လေ ... ငါ မချစ်ပဲနဲ့ င့ါရင်ခွင်ထဲမှာရှိနေတာက မင်းဖြစ်နေတယ်ဆိုရင်ရော "
" မင်း ဘယ်တော့မှ ဒီလိုမလုပ်တာ ကိုယ်သိတယ် ဟန်နီ "
" ဘာလို့ သိတာလဲ ၊ မင်းက ငါ့စိတ်ကို ငါ့ထက်ပိုပြီး
နားလည်နိူင်လို့လား "" ကိုယ်လည်း သေချာ မပြောပြတတ်ဘူး ဟန်နီ "
" မင်း နားမလည်ချင်ယောင်ဆောင်နေတာပါ ...
ငါသိတယ် "