- မင်းရဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ ပျော်အောင်နေတတ်တယ် မဟုတ်လား ဟန်နီ ....... " ......... တဲ့ ။
________________________________
" ဟန်နီ ... မင်းက ပြုံးလိုက်ရင် သိပ်ကြည့်ကောင်းတာပဲ "
" ဘယ်သူပြောတာလဲ "
ကိုယ်နဲ့ဆုံချိန်တိုင်း တလောကလုံးအပေါ်မှာ တင်စီးနေတဲ့ မျက်နှာပေးနဲ့ ဟန်နီဆီကနေ ဒီလို စကားမျိုးထွက်လာတော့ ကိုယ် အမှန်ကို အံ့ဩမိတာ ။
" ဟင် ! ဟန်နီ .... မင်းက ဘေးကသူတွေပြောစကားကို နားထဲထည့်တယ်ပေါ့ .... ဟုတ်လား "
ကိုယ်ဟာ အာမေဍိတ်သံ စွက်လို့ တအံ့တဩပြောတော့ ၊ အဖြူရောင်ခပ်ပြေးပြေး မျက်နှာတပြင်အပေါ်မှာ သိပ်လို့ ထူထည်းစွာရှိမနေတဲ့ ဟန်နီ့မျက်ခုံးတွေ မသိမသာပင့်သွားတာကို သတိထားမိလိုက်တယ် ။
" နားထဲထည့်တာလည်း မဟုတ်ပါဘူး ...
ဒီအတိုင်းပဲ ငါက .... "ဟန်နီဟာ အပေါ်အောက် နှုတ်ခမ်းပါးတွေ မပွင့်တပွင့်နဲ့ ပြောစရာ စကားကို ရှေ့ဆက်မတိုးနေနိုင်ဘူး ။
" ဘာလဲ ဟန်နီ ! မင်းက လူတွေကို ကြောက်တာလား "
ဟန်နီ့ကို အဲ့သလို မြင်ရတာ ကိုယ် မကြိုက်ဘူး ဟန်နီ ... အိမ်မွေးကြောင်လေး တစ်ကောင်လို မင်းလေး ယဉ်ပါးနေတာမျိုး ကိုယ် မမြင်ချင်ဘူး ။
" ဟန်နီ ! "
သူ့ပုခုံးတွေကို ကိုယ် လှုပ်ယမ်းခေါ်လိုက်တော့ ဟန်နီဟာ မကြည်သလို မျက်နှာထားနဲ့ ကိုယ့်ဆီ အကြည့်တစ်ချက်
ဝှေ့လာခဲ့တယ် ။" ကြောက်စရာအကြောင်း တစ်စက်မှ မရှိဘူး "
အို ... ဟန်နီရယ် ၊ ကော့ညွှတ်စင်းစင်းနဲ့ ရှည်ဖျားတဲ့ မင်းမျက်တောင်တွေကလေ ကိုယ့်ရင်ထဲ စိုက်သွားသလိုပါပဲ ။ စူးရှနေလိုက်တာ ...
" ဒါမှ ကိုယ့်ဟန်နီ "
ကိုယ့်နှုတ်ခမ်းတွေမှာ အပြုံးတပွေ့ကြီးရှိနေတိုင်း ၊ ဟန်နီ့နှုတ်ခမ်းပါးတွေမှာတော့ မဲ့ပြုံးတစ်ပွင့်ပဲရှိတယ် ။