အဝေးပြေးလမ်းမကြီးတစ်နေရာ....
Express ကားတစ်စီးက အဝေးပြေးလမ်းမကြီးပေါ်မှာ ပြေးလွှားနေသည်။ ကားပေါ်ရှိ ခရီးသည်များကြား နောင်စစ်ရှင်လည်း တစ်ယောက်အပါအဝင်ပေ။ ဖြတ်ကျော်လာတဲ့မြို့တွေနဲ့ လမ်းတစ်လျှောက်က မြင်ကွင်းတွေက ပိုဆွဲဆောင်မှုရှိလှသည်။ လမ်းရဲ့ တစ်ဖက်တစ်ချက်မှာ စီတန်းနေတဲ့ အရိပ်ရပင်တွေရယ်၊ ခပ်လှမ်းလှမ်းက ရိတ်သိမ်းပြီးသား လယ်ကွက်တွေရယ်အပြင် အဲ့ဒီလယ်ကွက်တွေထဲမှာ ကျက်စားနေတဲ့ ကျွဲအုပ်၊ နွားအုပ်တွေ။ မြင်သမျှက နောင်စစ်ရှင်အတွက် အသစ်အဆန်း ဖြစ်လို့နေသည်။ ဒါက သူ့ဘဝအတွက် လမ်းကြောင်းအသစ်တစ်ခု စတင်မဲ့လမ်း။
သူက ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးခဲ့ပေမဲ့ တောရွာလေးတစ်ရွာကို နေထိုင်ဖို့လာရလိမ့်မယ်လို့မထင်မိ။ ခုတော့ သူတကယ်ကို တောကြိုအုံကြားဆိုတဲ့စကားနဲ့ညီတဲ့ နေရာကိုပြောင်းရပြီ။
ရွာမ မြို့ဆိုတဲ့ဆိုင်းဘုတ်ကိုကျော်လာတော့ နောင်စစ်ရှင် စပယ်ယာကို လှမ်းပြောသည်။
"အစ်ကိုရေ၊ ကျွန်တော် ဟိုရွာမှာ ဆင်းမယ်ခင်ဗျ"
"ဘယ်ရွာလဲ"
"ဟိုဗျာ နာမည်ခေါ်လို့မကောင်းတဲ့ရွာ"
"ဟ...နာမည်က ခေါ်လို့ကောင်းတာမကောင်းတာရှိသေးလား"
နောင်စစ်ရှင်ခေါင်းကုတ်ပြီး ရှက်ရှက်နဲ့အော်ပြော,လိုက်သည်။
"ဟိုဗျာ ဂွေးလှ"
စပယ်ယာက ရှေ့က ဒရိုင်ဘာကို လှမ်းအော်ပြောလိုက်သည်။
"ဂွေးလှတယ်တဲ့ဆရာရေ့"
နောင်စစ်ရှင်လန့်သွားသည်။ ဒီစပယ်ယာ က ပြောရဲလိုက်တာ။
" မဟုတ်ဘူးခင်ဗျ၊ ကျွန်တော်က ဂွေးလှရွာမှာ ဆင်းမယ်လို့ပြောတာ"
"ဟောဒီက ညီလေး သေးသေးလေးရေ၊ ကျွန်တော် သိပါတယ်ဗျာ၊ ကျွန်တော်ပြောတာကိုလည်း ကားဆရာက နားလည်ပါတယ်။ ရောက်ဖို့ လိုသေးတယ်၊ စိတ်အေးအေးထားနော်"
စပယ်ယာက ပြုံးစိစိနဲ့ ပြောလိုက်တော့ ကားပေါ်ကလူတွေက ထရယ်ကြရာ နောင်စစ်ရှင်လည်း အရှက်တွေသည်းကုန်ရတော့သည်။ နာမည်ခေါ်မကောင်းသည့် ရွာကိုရောက်လို့ ကားပေါ်ကဆင်းတော့ တစ်ကယ်ကိုပဲ သူ့ကိုသူ့ဆရာပြောသည့်အတိုင်း ကျန်းမာရေးဆေးပေးခန်းကို တန်းတွေ့တော့သည်။ ဆေးပေးခန်းက တော်တော်သေးသည်န။ ှစ်ခါပြန်စဉ်းစားမနေဘဲ ဆေးပေးခန်းထဲကို တန်းပြီး ဝင်သွားလိုက်တော့သည်။