နောင်စစ်ရှင်တစ်ယောက် နောက်တစ်နေ့ မနက် အိပ်ရာနိုးတော့ သူမသိတဲ့ စိမ်းသက်တဲ့ နေရာတစ်ခုမှာ နိုးထလာပြီး ငါ ဘယ်ကိုရောက်နေလဲဆိုတာကို တော်တော်ကြာအောင်ပြန်စဉ်းစားလိုက်ရသည်။ အတန်ကြာမှ ဒီနေရာဟာ သူ တာဝန်ကျနေတဲ့ ဂွေးလှရွာက ဆေးခန်း ဖြစ်တယ်ဆိုတာကို သတိရသွားသည်။ ၏"ဆရာဝန်ကိုကို နိုးပြီလား၊ အပြင်ထွက် မျက်နှာသစ်ပြီး မနက်စာ လာစားလို့ရပြီဗျ"
"အော"
နောင်စစ်ရှင် အပြင်ကိုရောက်တော့ ထမင်းစား စားပွဲပေါ်မှာ တင်ထားတဲ့ အင်ဖက်နဲ့ထုပ်ထားတဲ့ အထုပ်တစ်ထုပ်သာတွေ့ရသည်။ နောင်စစ်ရှင် ထိုအထုပ်ကို စိတ်ဝင်စားစွာ ကောက်ကိုင်ကြည့်ပြီး ရေရွတ်လိုက်သည်။
"ဒါ ဘာကြီးလဲ"
"အဲ့ဒါ ဆီထမင်းလေ"
သူ့နောက်က မရင်းနှီးတဲ့ယောက်ျားတစ်ယောက်ရဲ့အသံထွက်လာသည်။ သူလှည့်ကြည့်လိုက်တော့ အသက် ၁၇ နှစ် ၁၈ နှစ်လောက် ဝန်းကျင်လောက်ရှိမည့် အသားခပ်လတ်လတ် ခပ်ချောချော လူငယ်လေးတစ်ဦး။ မျက်နှာပေါ်မှာ သနပ်ခါးတွေဖွေးနေအောင်လိမ်းထားပြီး ပါးကွက်ဝိုင်းဝိုင်းလေးကိုလည်း ကွက်ထားသေးသည်။ ပြုံးလိုက်ရင် သွားစွယ်လေးတွေ ပေါ်လာပုံက ချစ်စရာပင်ကောင်းသေး၏။ ထိုလူငယ်လေးက ဖော်ရွေသည့်ပုံနှင့် သွားထက်လေးတွေပေါ်အောင် သူ့ကို ရယ်ပြနေသည်။
"ကျွန်တော့်နာမည်က မောင်ဘုန်းပါဗျ။ အုပ်ကြီးရဲ့သားပေါ့။ နာမည်အပြည့်အစုံက အသင်္ခယာဘုန်း။ ကျွန်တော်က ဆယ်တန်း ၃ နှစ်ကျ၊ အသက်က ၂၀ ရှိပါပြီ။"
မောင်ဘုန်းက သူ့အကြောင်းကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။
"လာလေ ဆရာဝန်ကိုကိုက ထမင်းစားတော့မလို့လား"
"ဟုတ်ကဲ့"
နောင်စစ်ရှင် ပြန်ဖြေပြီး ထမင်းစားပန်းကန်ပြားကိုလိုက်ရှာကြည့်သည်။ သို့သော် မောင်ဘုန်းက ဟက် ကနဲရယ်လိုက်ကာ အင်ဖက်နှင့်ထုပ်ထားသော ဆီထမင်းထုပ်ကို ဖွင့်ချလိုက်ပြီး ဇွန်းတစ်ချောင်း တပ်ပေးလိုက်သည်။