နောက်တစ်နေ့တွင် စစ်ရှင်ကို အုပ်ကြီးအိမ်က ထမင်းဖိတ်ကျွေး၏။
"ဟော ရောက်လာကြပြီ၊ ကြွပါ ဆရာဝန်လေးရေ၊ အမလေး ချောလိုက်တာဟယ် ကြည့်ပါဦး"
အုပ်ကြီးကတော်က စစ်ရှင်ကို မြင်တာနဲ့ ဖော်ဖော်ရွေရွေ နှုတ်ဆက်၏။
"ဟုတ်ကဲ့"
စစ်ရှင် ပြန်နှုတ်ဆက်ရင်း ဖားသားဟင်းနဲ့ ကြွက်ကြော် မပါစေကြောင်း တောင်းဆုပြုလိုက်သည်။
"ဟိုတနေ့က အိမ်က မောင်ဘုန်းကပြောတယ်။ ဆရာဝန်လေးက ပုစွန်ကြိုက်တယ်ဆိုလို့ မြစ်ပုစွန်ထုပ်လေးတွေကြော်ထားတယ်၊ မြစ်ငါးဒန်လေးလည်း လတ်လို့ ဝယ်လာပြီး ဆီပြန်လေးချက်ထားတာ ကြိုက်ရဲ့လား"
"ဟုတ်ကဲ့ ကြိုက်ပါတယ်ခင်ဗျ"
"ဒီမန်ကျည်းရွက်ချဉ်ရည်ဟင်းလေးကလည်း လတ်လတ်ဆတ်ဆတ်ပဲနော်၊ မောင်ဘုန်းရယ် မနက်ကမှ အိမ်နောက်ဖေးက အပင်ပေါ် တက်ခူးထားတာ"
အုပ်ကြီးကတော် ပြောတော့ စစ်ရှင်ဘေးနားဆီမှ "ဟီး" ဆိုသော ရယ်သံလေး ထွက်လာသည်။ နေ့လည်စာ စားပြီးကြ တော့လည်း အုပ်ကြီး ရွှေကြည်ဆနွမ်းမကင်းနဲ့ အချိုပွဲတည်ခင်းလိုက်သေးသည်။ ထို့နောက်တော့ စစ်ရှင်ကို မောင်ဘုန်းက လိုက်ပို့၏။
"ထန်းတောသွားကြမလား ကိုကို"
နှစ်ယောက်သား ဆေးဆိုင်ရှေ့က ခုံတန်းလေးမှာ ထိုင်ကြရင်း မြတ်မင်းခန့်က မေးတော့ နောင်စစ်ရှင်က နှာခေါင်းရှုံ့လိုက်သည်။
"ငါက ထန်းရည်သောက်ရတာမကြိုက်ဘူး"
"အာ့ဆို ဘာလုပ်မလဲ"
"ပြန်တော့မယ်၊ ဆေးခန်းမှာ စာအုပ်ဖတ်ပြီး အိပ်တော့မယ်"
"ကိုကိုကလည်း သားနဲ့ နေပါဦး၊ ကိုကိုစာအုပ်ဖတ်ချင်ရင် သားဆီမှာ စာအုပ်တွေရှိတယ်၊ ကိုကိုသားတို့အိမ်ထဲ လိုက်ခဲ့လေ"
"ဘာစာအုပ်တွေလဲ"
"တွတ်ပီတို့၊ ဘိုဘိုတို့လည်းရှိတယ်၊ ဒီရဲဂျာလည်းရှိတယ်၊ နော်ထူးအောင်လည်းရှိတယ်"
"ဟင် အဲ့တာ ကလေးစာအုပ်တွေလေ"
"အာ ကိုကို က ဘာဖတ်ချင်တာလဲ"