တစ်ကယ်တမ်း ဘုရားပွဲသွားမယ့် ညနေမှာနောင်စစ်ရှင် တော်တော် စိတ်လှုပ်ရှားနေမိသည်။ သူက ဘယ်လိုပဲ တွေဝေနေပါစေ လူငယ်ဖြစ်သည်မို့ အပျော်အပါး အလည်အပတ်ဆိုသည်နှင့် တက်ကြွပြီးသားဖြစ်သလို၊ အသစ်အဆန်းနေရာတစ်ခုကို စူးစမ်းဖို့အတွက်လည်း စိတ်ဝင်စားနေမိသည်။ ရေချိုးပြီး လန်းဆန်းတက်ကြွနေပြီဖြစ်တဲ့ နောင်စစ်ရှင်က ဗီရိုထဲက အဝတ်အစားတွေကို ကြည့်ရင်း ဘာဝတ်ရမလဲဆိုတာ ခေါင်းခြောက်နေပြန်သည်။ နောက်ဆုံးတော့ ဘုရားပွဲနဲ့ လိုက်ဖက်မည်ထင်တဲ့ ရှပ်အင်္ကျီအဖြူလေးနဲ့ ပိုးပုဆိုးလေးကို ဝတ်လိုက်သည်။ ပြီးတော့ မှန်ထဲမှာ မြင်နေရတဲ့ သူ့ပုံကို ပြန်ကြည့်လိုက်သည်။ ဖြူဖွေးနေတဲ့ သူ့ရဲ့ အသားအရည်နဲ့ အပြာရင့်ရောင် ပိုးပုဆိုးလေးက တော်တော်ကို လိုက်ဖက်ပြီး ကြည့်ကောင်းနေပြန်သည်။
"ဆရာဝန်ရေ၊ ပြီးပြီလား၊ သွားရအောင်"
ကိုမြသိန်းအသံကြားတာနဲ့ နောင်စစ်ရှင် သူ့ကိုယ်သူမှန်ထဲမှာ တစ်ချက်ပြန်ကြည့်ရင်း ကျေနပ်စွာ ပြုံး၍ အိမ်ရှေ့ကို ထွက်လာခဲ့သည်။
"ဟင်"
"အမ်"
အိမ်ရှေ့ကိုရောက်တော့ မြသိန်းနဲ့ နောင်စစ်ရှင်တို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ဆွံ့အသွားကြသည်။ ထိုအချိန် အပြေးအလွှားဝင်လာတဲ့ မောင်ဘုန်းမှာလည်း နောင်စစ်ရှင်ကို ကြည့်ကာ ပြောစရာစကားများ ပျောက်ရှသွားရပြန်သည်။
"ကိုကို အမ်"
"ဟို ဆရာဝန် ပွဲတော်သွားမှာလေ၊ ဘုရားဖူးသက်သက်မဟုတ်ဘူး၊ အဲ့လိုမဝတ်လည်းရတယ်"
နောင်စစ်ရှင်က ဂျင်းဘောင်းဘီ ဒူးပြဲနဲ့ ရှပ်အင်္ကျီအကြပ်ကလေးကို ဝတ်ထားတဲ့ မြသိန်းကိုတစ်လှည့် ကွာတားဘောင်းဘီလေးနဲ့ တီရှပ် အဝါရောင်လေးကို ဝတ်ထားသော မောင်ဘုန်းကိုတစ်လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြရင်း သူ့အခန်းထဲကို ပြန်ဝင်လာခဲ့လိုက်သည်။
"အီး ရှက်လိုက်တာ၊ ငါ့ကို ကြိုပြောကြတာတော့ မဟုတ်ဘူး၊ ခုတော့ ငါ ဘုရားပွဲတော် မလည်ဘူးတာ လူသိကုန်ပြီ"