အမှတ်တရ သီတင်းကျွတ်ည
Part -1
"အခုတော့ ပျော်နေပြီမလား သွန်း...."
"အင်း... လူတွေ အများကြီးပဲနော်.... ငါ အခုလောက်ထိ လူစည်တဲ့ နေရာ မသွားဖူးဘူး...."
သွန်းက ပြင်ဦးလွင်မှာ ဘော်ဒါတူတူတက်ခဲ့သော ချယ်ချယ်တို့ အိမ်မှာ သီတင်းကျွတ် လပြည့်ည လာနေတာဖြစ်သည်။ သွန်းနဲ့ ချယ်ချယ်က ရန်ကုန် တစ်မြို့တည်းနေတာ ဆိုပေမယ့် သွန်းတို့နှစ်ယောက်က ပြင်ဦးလွင်မှာ ဘော်ဒါသွားတက်ချိန်မှ ခင်ခဲ့ကြတာဖြစ်သည်။ သွန်းက သုဝဏ္ဏ အိမ်ရာဝင်းမှာ နေ၍ ချယ်ချယ်က မြောက်ဥက္ကလာမှာ နေတာဖြစ်သည်။
သွန်းတို့တွေ အထက်တန်း အောင်ထားကြကာ လာမယ့် ဒီဇင်ဘာကျ တက္ကသိုလ် တက်ကြရတော့မှာပါ။ ချယ်ချယ်က သူတို့ နားမှာ သီတင်းကျွတ် တန်ဆောင်တိုင်ဆိုလျှင် အရမ်းစည်ကာ ပျော်စရာကောင်းတာကြောင့် သူ့အိမ်ကို တစ်ညအိပ်လောက် လာလည်ဖို့ ခေါ်သဖြင့် သွန်း လာနေဖြစ်တာဖြစ်သည်။ ပုံမှန်ဆိုလျှင် သွန်းက အိမ်မှာ တစ်ယောက်တည်း စာအုပ်တွေဖြင့်သာ အချိန်ကုန်တတ်၏။
ချယ်ချယ်တို့ အိမ်နားက မဟာ ကျိန်သစ္စာရှင် ဘုရားကြီးမှာ သီတင်းကျွတ် လပြည့်နေ့ ဆီမီးတစ်ထောင် ထွန်းလှူပွဲနှင့် ပွဲဈေးတန်းကို နှစ်ယောက်သား ထွက်လာခဲ့ကြရင်း ဆီမီးထွန်းပွဲမှာ ပါဝင်နေကြတာဖြစ်သည်။ ဘုရားကြီးက ဉာဏ်တော် မြင့်မားကာ သပ္ပါယ် လွန်းလှသည်။
"နင်က အိမ်တွင်းပုန်းပြီး အဲ့ စာအုပ်တွေပဲ ဖတ်နေတာကို....."
"အဟင်း.....
အာ့......"
ချယ်ချယ်နဲ့ စကားပြောရင်း ဆီမီးထွန်းနေရာမှ နောက်ကို ရွှေ့လိုက်တော့ လူတစ်ယောက်နဲ့ တို-က်မိသွားတော့သည်။
"ဆောရီး....."
သွန်း တို-က်မိသည့်လူကို အသံကြားလို့ လှည့်ကြည့်လိုက်မှ အကိုတစ်ယောက် ဖြစ်နေ၏။ လည်ကတုံး လက်ရှည် အဖြူကို ကြယ်သီး အစိတပ်ထားကာ အပေါ်ဆုံး၌ ရွှေကြယ်သီး တစ်လုံးဖြင့်။ ဆံပင် ပုံစံက Under cut ညှပ်ထားကာ အသားအရည်က ယောက်ျားလေးတန်မယ့် ဖြူလွန်းလှသည်။ မျက်နှာကျက ယောက်ျားဆန်ကာ ဆွဲဆောင်မှု ရှိလွန်းတာကြောင့် သွန်းမှာ အသိလွတ်ကာ ငေးကြည့်နေမိသည်။