#Unicode
ငြိမ်သက်လွန်းနေပါသော ပတ်ဝန်းကျင်သည် သတ္တဝါများ အိပ်စက်အနားယူချိန်ဖြစ်ကြောင်းကို သက်သေပြလို့နေ၏။ ယနေ့၌ နေ့ရက်တိုင်းလိုလို အော်မြည်တတ်ပါသော ပုစဉ်းရင်ကွဲများ၏အသံများကိုပင် မကြားရလေရာ လူတစ်ယောက်၏ခြေသံသည် ခပ်ဖွဖွသွားနေပါလျက်နှင့် အတန်ငယ် ကျယ်လောင်သယောင်ရှိနေလေသည်။
မှောင်ရိပ်ခိုရင်း လူအများ မမြင်နိုင်စေရန် ခိုးကြောင်ခိုးဝှက်လုပ်နေသော လူတစ်ယောက်သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်၌ တဖြည်းဖြည်းနှင့် ပိုကျယ်လာသယောင်ဖြစ်လာသည့် သူ၏ခြေသံကို ဘဝင်မကျသည့်အလား ရုတ်ခြည်းရပ်တန့်ပစ်လိုက်၏။ထို့နောက် အသံများကိုဖြစ်တည်စေရာ ဖိနပ်ကို အမြန်ချွတ်ပစ်လိုက်ပြီး အနားရှိချုံပုတ်ထဲသို့ အသာလေးထိုးထည့်လိုက်လေသည်။
အိတ်ကပ်ထဲထည့်လျှင် အသံမြည်သွားမည်စိုးသဖြင့် လက်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင်လာခဲ့သော သော့တစ်ချောင်းကြောင့် ထိုလူငယ်၏လက်ဖဝါးပြင်သည် ချွေးများပင်စို့နေရှာသည်။ မျက်လုံးများမှာလည်း ဂနာမငြိမ်ဖြစ်လျက် အာရုံ၅ပါးကို အလုံးစုံဖွင့်ထားရင်း ပတ်ဝန်းကျင်ကို ယင်ကောင်တစ်ကောင်နှယ် လှည့်ပတ်၍ကြည့်နေပုံမှာ ထိုလူငယ်က အများမသိသင့်သော အရာတစ်ခုကို လုပ်ဆောင်တော့မည်မှာသိသာလှပေသည်။
သစ်ပင်အုပ်များကြားမှ ဖြတ်သန်းလာပြီးနောက် ကြီးမားကျယ်ဝန်းသော စံအိမ်ကြီးအတွင်းသို့ ရောက်ရှိလာသည့်အခါ ထိုလူငယ်သည် စံအိမ်အတွင်းတွင်ရှိသော၊ ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းထားသည့် ကြီးမားလှသောကျွန်းဗီရိုကြီးဆီသို့ တစိုက်မတ်မတ်သွား၏။ ဘယ်ညာ၊တောင်မြောက် လူရိပ်ခြည်ကြည့်ပြီးသည့်အခါ ထိုလူငယ်သည် ခန္ဓာကိုယ်ကိုကိုင်းချလိုက်ပြီး ထိုဗီရို၏အနောက်တွင်ရှိသော၊ လက်ထိုး၍ရသည့် ချောင်ကြားထဲသို့ လက်နှိုက်လိုက်သည်။
လက်ချောင်းများက အထိအတွေ့တစ်ခုကို တိတိကျကျ ထိတွေ့လိုက်သော် ထိုလူငယ်က မနေနိုင်ဘဲ ပြုံးလိုက်မိပြီး ချောင်ကြားထဲရှိ ပစ္စည်းထုပ်ကို ဆူညံသံမထွက်စေရန် အသာလေးသာ ဆွဲယူလိုက်လေသည်။
YOU ARE READING
မှိုင်းဟန်မြခေတ်
Losowe"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟန်မြခေတ် မှတ်ချက်။ ။ဤဝတ္ထုကို Mature onထားပါတယ်။ အကြောင်းအရင်းက အရွယ်ရောက်ပြီးသား လူတွေရဲ့လိင်ပိုင်းဆိုင်ရာ သွေးသားစပ်ယှက်မှုတွေကြောင့...