အပိုင်း - ၄၀

143 13 0
                                    

#Unicode

"တိတ်ဆိတ်ခြင်းက..သဘောတူခြင်းပဲ..၊ ဒါဆို သက်ငယ်ဝါငယ်တဲ့လူရဲ့ပြောစကားကို..နားထောင်ကြည့်ရအောင်.."

အတ္တဝါဒီသည် ပြောနေရင်းဖြင့် ဓားသွားကို အနည်းငယ် လှုပ်ရှားလိုက်လေရာ၊ လည်ပင်းသား၌ ပြတ်ရာလေး ဖြစ်ပေါ်သွားပြီး သွေးအနည်းငယ် စီးကျလာ၏။ထိုအရာကို မမြင်သည့်အလား၊ အတ္တဝါဒီက စကားဆက်ပြော၏။

"သေခြင်းတရားက လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာရှိတယ်၊ ဒါပေမဲ့ မိုက်မဲမှုအတွက်..ချက်ချင်းလက်ငင်း အပြစ်ပေးလိုက်တဲ့အခါ..ဦးနှောက်မရှိတဲ့ ကျွန်တန်တွေက သေသွားတာတောင်..ဘာကြောင့်သေလို့သေမှန်းမသိ ဖြစ်သွားကြလိမ့်မယ်..၊ ဒါကြောင့်..သူတို့အပြစ် သူတို့သိအောင်..အရင်ပြောပြသင့်တယ်"

ပြောလာသည့်စကားများက စကား၏မူလအဓိပ္ပာယ်အတိုင်း သက်ရောက်မ‌နေသည်မှာ သေချာလွန်း‌နေတာကြောင့် အဖိုးကြီးများသည် အမြဲတစေ လက်ချိုးရေ၍ရသည်အထိ စကားနည်းသော လူတစ်ယောက်က ဤမျှများပြားသော စကားတို့ကိုပြောလာသည်ကိုပင် မအံ့ဩနိုင်ကြပေ။ထို့အပြင် အတ္တဝါဒီကို စကားပြန်ပြောချင်လျှင်ပင် မည်သည်ကိုပြောရမည်ကို မသိတာကြောင့် ၎င်းတို့၏သဘောထားက ရှုံ့ချည်နှပ်ချည်ဖြစ်နေမည်က လွဲမှားစရာအကြောင်းမရှိပါချေ။

တိတ်ဆိတ်နေခြင်းကို သဘောတူညီခြင်းဟု နှလုံးသွင်းထားသည့် အတ္တဝါဒီက အတားအဆီးမရှိ ထပ်မံပြောဆို၏။

"ပြစ်မှုတွေကို ပြောတဲ့အခါမှာလဲ..တစ်ယောက်ချင်းစီရဲ့ပြစ်မှုတွေကို သူတို့နားလည်လွယ်အောင် ပြောပြမှ..အပြစ်ဒဏ်ကို ကောင်းကောင်းမွန်မွန် လက်ခံနိုင်ကြလိမ့်မယ်.."ဟုပြောပြီးနောက် အတ္တဝါဒီက အပြစ်သားများကို ကြည့်ရှုနေသည့်အလား အဖိုးကြီးများကို တစ်ချက်ဝေ့ကြည့်၏။

ထို့နောက် မဲ့ပြုံးတစ်ခုဖြင့် ကြေညာလိုက်လေသည်။

"ပြစ်မှုစီရင်ချက် စတင်ပြီ.."

ထိုစကားအပြီး၌ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသည့် လူတစ်ယောက်က အတ္တဝါဒီ၏ဘေးနားသို့ ရုတ်ခြည်းရောက်ရှိလာပြီး လက်အိတ်တစ်စုံကို ရိုရိုသေသေ ကမ်းပေးလာသည်။

မှိုင်းဟန်မြခေတ်Where stories live. Discover now