Chapter 17

255 47 0
                                    

Chapter 17

ယန်ရန်က ဇာတ်ကားကြည့်ပြီး အချိန်အတော်ကြာအောင် ငိုခဲ့သဖြင့် သူ၏မျက်လုံးထောင့်များနှင့် နှာထိပ်ကလေးမှာ နီမြန်းနေပြီး ဖြူဖွေးသောမျက်နှာလေးမှာ အနီရောင်သန်းနေကာ သနားစဖွယ်ကောင်းနေတော့သည်။

ကျိကျွယ်ချွမ်းသည် ထိုမြင်ကွင်းကို မြင်ရလိမ့်မည်ဟုမထင်ထားသဖြင့် လက်တစ်ဖက်က အရုပ်ကိုပိုက်ကာ နေရာတွင်ပင် ခဲနေတော့သည်။

ယန်ရန်သည် တောင်းပန်ဖို့အခွင့်အရေးကို လက်လွတ်မခံဘဲ အိပ်ယာတွင်ထထိုင်ကာ သူ့(ကျိကျွယ်ချွမ်း) လက်ချောင်းလေးများကို ဆုပ်ကိုင်၍ နှာသံလေးဖြင့်ပြောလိုက်သည်။ "မှားသွားတာ သိပြီလား?"

ကျိကျွယ်ချွမ်းသာ သူမှားသွားတယ်ဆိုတာ တကယ်သိသွားရင် နောက်တစ်ခါဆို သူ(ကျိကျွယ်ချွမ်း) သူ့(ယန်ရန်)ကို မနေ့ကလိုမျိုး လေသံကျယ်ကျယ်နဲ့ မာမာထန်ထန် ပြောတော့မှာမဟုတ်ဘူး။

ကျိကျွယ်ချွမ်းသည် သူ့လက်ချောင်းလေးများ အကြိမ်အနည်းငယ် ဆွဲလှုပ်ခံလိုက်ရပြီးနောက် အသိပြန်ဝင်လာပြီး မျက်လွှာချကာ ပြောလိုက်သည်။ "အင်း၊ သိပါပြီ။"

သူ အိပ်ယာဘေးက စားပွဲပေါ်မှ tissue နှစ်ရွက်ကိုယူကာ ယန်ရန်၏ မျက်တောင်ရှည်လေးများတွင် တွဲခိုနေသော မျက်ရည်စက်လေးများကို သုတ်ပေးလိုက်ရာ သူ့လက်ချောင်းများက ယန်ရန်၏ နူးညံ့သောပါးပြင်ကို မတော်တဆထိမိသွားပြီး သူ့လက်ချောင်းထိပ်များက ပူလောင်လာသလို ခံစားလိုက်ရသည်။

သူ၏အပြုအမူကြောင့် ယန်ရန်က တုန်လှုပ်သွားကာ မျက်ဝန်းစိုစိုလေးများဖြင့် သူ့အား ငေးငိုင်ကာကြည့်လိုက်မိသည်။

"ဘာလို့ ဒီလိုမျိုး ငိုထားရတာလဲ?" ကျိကျွယ်ချွမ်းက သူ့လက်ထဲက တစ်ရှူးကိုညှစ်လိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့် မေးလိုက်သည်။

ထိုစကားကိုကြားတော့မှ ယန်ရန်သည် ရုပ်ရှင်ကြည့်ပြီး အချိန်အကြာကြီးငိုခဲ့မိမှန်း သတိရသွားသည်။ အခုဆို အရမ်းကို သိသာနေတော့မှာပဲ။

သူ လက်မြန်မြန်မြှောက်ကာ မျက်နှာကို အကြိမ်အနည်းငယ်လောက် ပွတ်လိုက်သည်။ အသေအချာပဲ၊ မျက်ရည်စက်အနည်းငယ်ကို ထိမိသည်။

အမြှောက်စာလိုပြုမူတာကအကောင်းဆုံးဘဝပဲ / အမြှောက်စာလိုပြုမူတာကအကောင်းဆုံးဘဝပဲ Where stories live. Discover now