စန္ဒာပြည့်ဝန်း အမျိုးသမီးတို့နှစ်ယောက်နားနီးလာသည့် နည်းတူ သူတို့နှစ်ဦး၏စကားသံများကိုလည်း သဲသဲကွဲကွဲကြားလာရသည်။
"မေဂျာလျှောက်ရမယ်လေ။ ရေးထည့်လို့။"
"မလျှောက်ချင်ဘူး။ ရေးလည်း မရေးချင်ဘူး။"
"တယ်။ အာ့ဆိုငါပဲ ရေးထည့်လိုက်တော့မယ်။"
"မရေးရပါဘူး။ ကျွန်တော်တက်မဲ့ မေဂျာကို ကျွန်တော်ပဲ ရွေးထည့်ရမှာပေါ့။"
"အာ့ဆိုရေးမှာဖြင့်ရေးလေဟယ်။ ငါမအားဘူး။ အတန်းဝင်ရဦးမယ်။"
"ဒီကျောင်းမှာ မတက်ချင်လို့မရေးတာဗျ။"
"ဒီကျောင်းမတက်ချင်ရင် ဘယ်ကျောင်းတက်ချင်လဲပြော။ ငါလျှောက်ပေးမယ်။"
"မသိဘူး။ မရှိဘူး။"
နောက်တွင် ဂျစ်နေသောကောင်မလေးက စန္ဒာပြည့်ဝန်းကို မြင်သွားသည့်ပုံပင်။ ဘာမှမပြောတော့ဘဲ သူ့ဘက်ကိုလျှောက်လာသော စန္ဒာပြည့်ဝန်းကိုသာ ငေးကြည့်နေသည်။ ဒေါ်ခိုင်သဥ္ဇာဦးလည်း ငြင်းနေရာမှ ရုတ်တရက်တိတ်သွားသဖြင့် ညီမဖြစ်သူကို တစ်ချက်ငဲ့ကြည့်လိုက်သောအခါ ညီမဖြစ်သူသည် မိန်းကလေးတစ်ယောက်ကို ငေးကြည့်နေသည်။ သူ့စိတ်ထဲတွင် ထိုမိန်းကလေးကို ရင်းရင်းနှီးနှီးမြင်ဖူးနေသော်လည်း ဘယ်ကမှန်း မမှတ်မိ။
စန္ဒာပြည့်ဝန်းတစ်ယောက် သူ့ဆရာမဖြစ်သူနှင့် မငြင်းတော့ဘဲ သူ့ကိုသာ ငေးနေသော ကောင်မလေးကြောင့် တစ်ချက်တန့်သွားရသည်။ သူကြားရသလောက်ဆိုလျှင် ထိုကောင်မလေး တမင်ဂျစ်နေခြင်းဖြစ်မှန်း သူရိပ်မိပါသည်။ ဆရာမနှင့် ထိုကောင်မလေးနှင့် မည်သို့သောဆက်ဆံရေးရှိမှန်း သူမသိ၊။ အလွန်ရင်းနှီးကြမှန်းတော့ သိပါသည်။
တစ်ဖက်မှ ကောင်မလေး သူ့ကို မည်မျှပင် ငေးစိုက်ကြည့်နေစေ၊ သူထိုကောင်မလေးဆီကိုသာ တူရှုလျှောက်နေမိသည်။ တစ်ဖက်ကောင်မလေးကလည်း စန္ဒာပြည့်ဝန်းကို မျက်တောင်မခတ်တမ်းငေးစိုက်ကြည့်ဆဲ။ ဆရာမဒေါ်ခိုင်သဥ္ဇာဦးသည် စန္ဒာပြည့်ဝန်းကို ရုတ်တရက်မှတ်မိသွားသည့်ပုံ။ စန္ဒာပြည့်ဝန်း အနားရောက်လာသည်နှင့် ဒေါ်ခိုင်သဥ္ဇာဦးက စီးကာမေး၏။ တစ်ဖက်က သူ့ညီမအကြောင်းကို သိနေသောကြောင့်ပင်။
YOU ARE READING
ခင်မင်မှု ကြိုးမျှင်တစ်စ (Unicode Version)
Romanceဒီ ဝတ္တုလေးမှာတော့ နူးညံ့သန်မာတဲ့အမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာလေးတွေကို ပုံဖော်သွားမှာပါ။ တက္ကသိုလ်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်.... အမျိုးသမီးတွေရဲ့ ခံစားချက်မျိုးစုံကို အတူစီးမြောရအောင်ပါလေ။