အပိုင်း (၃)

13 0 0
                                    

‌ ပထမဆုံးနေ့၏ ပထမဆုံးအတန်းချိန်တွင် မည်သူမျှအတန်းမဝင်လာသောကြောင့် ဒုတိယအချိန်တွင်လည်း အတန်းဝင်မည်မဟုတ်ဟုတွေးမိသည်။ ပထမနှစ်၏ ပထမဆုံးကျောင်းဖွင့်ရက်မို့ထင်သည် အတန်းထဲတွင် လူအပြည့်။ ထို့ကြောင့် အိမ့်ကလျာတင့်လည်း အဆောင်ပြန်ကာ အေးဆေးနှပ်တော့မည်ဟု တွေးမိသည်။ အစ်မစန္ဒာပြည့်ဝန်းကို တွေ့ချင်ပါသော်လည်း ယခုချိန်တွင် အကြောင်းပြချက် ရှာမတွေ့ပါချေ။ ထို့ကြောင့် အတန်းထဲက ထွက်ကာ အဆောင်ပြန်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် အတန်းထဲသို့ ရောက်လာသော မိန်းကလေးနှစ်ဦး။ အဆောင်သမားများဖြစ်မည်ထင်ရသည်။ ယခုမှ အူယားဖားယား ရောက်လာကြသည် မဟုတ်လား။

အတန်းထဲရောက်လာသော မိန်းကလေးနှစ်ဦးမှာ မျက်လုံးဝေ့ကာ နေရာရှာလိုက်ကြသည်။ အတန်းမှာ လူအပြည့်ဖြစ်နေသည့်အတွက် နောက်ဆုံးတန်းနားတွင် နေရာရှိမနေပါချေ။ အလယ်တန်းတွင်လည်း လူပြည့်နေသည်ဖြစ်ရာ ရှေ့တန်းနှစ်ခုံတွင်သာ နေရာကျန်တော့သည်။ ရှေ့တန်းဒုတိယနေရာတွင် တွေ့လိုက်ရသည်က ဆံပင်ဂုတ်ဝဲနှင့် မိန်းကလေးတစ်ဦး။ အဖော်မရှိသေး၍ ထင်သည် ရှေ့ဆုံးနေရာတွင် တစ်ယောက်တည်း ထိုင်နေ၏။ ထို့အပြင် သူတို့ကို ကြည့်နေသည်လေ။ သူတို့စိတ်ထဲတွင် နှစ်ယောက်တည်း ရှေ့ဆုံးထိုင်သည်ထက် သုံးယောက်ထိုင်သည်က ပိုကောင်းသည်ထင်သောကြောင့် သူတို့ကို ကြည့်နေသော ကောင်မလေးထံသို့ သွားလိုက်ကြသည်။

သူ့ဆီသို့လာရန်ပြင်နေကြသော မိန်းကလေးနှစ်ယောက်ကြောင့် အိမ့်ကလျာတင့်လန့်သွားတော့သည်။ မကြာသောအချိန်တွင် ထိုနှစ်ယောက်ရောက်လာကာ "ထိုင်လို့ရမလား" ဟုမေးလာသည်။ အိမ့်ကလျာတင့်လည်း ရကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။ ရှေ့တန်းတွင် မည်သူမျှ ထိုင်ချင်ကြပုံမရှိကြဟုထင်သည် မည်သူမျှသူ့အနားမရောက်လာခဲ့ချေ။ ဒီနှစ်ယောက်သည်လည်း ထိုင်စရာနေရာမရှိ၍ ဒီနားရောက်လာခြင်းဖြစ်ရမည်။ နောက်တန်းမှ လူများနှင့် မိတ်ဆွေဖြစ်ခဲ့ပြီဖြစ်သော်လည်း မိတ်ဆွေများလျှင် ပိုကောင်းမည် ဟူသော အတွေးဖြင့် အိမ့်ကလျာတင့် သူတို့နှစ်ဦးကို အလျင်မိတ်ဆက်လိုက်၏။

ခင်မင်မှု ကြိုးမျှင်တစ်စ (Unicode Version)Where stories live. Discover now