"တစ်ယောက်တည်းလူ ခွေးရူးကျပါစေ ဗြောင်တောင်တောင် ဗေဗေကျိ!"
"ပေသီးကောင် ခွေးရူးကွ!"
"မြန်မြန်ပုန်းကြ ဟျောင့်တွေ၊ငါ စရေပြီနော်"
"မြန်မြန် နေရာရှာကွ!"
နားစည်အတွင်း စီစီစီစီ တိုး၀င်လာသော အသံဗလံများကြောင့် ဖိပိတ်ထားသော ထယ်ယောင်းမျက်ခွံများ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာသည်။
"ဘုတ်!"
"အ!"
"ရှူး ကိုကို!သား ပုန်းမလို့"
ဘုန်းခနဲ ၀င်ဆောင့်သော အရာတစ်ခုကြောင့် လက်ပြင်တစ်ခုလုံး အောင့်တက်သွားပြီး လှုပ်စိလှုပ်စိ ဖြစ်နေသော ထယ်ယောင်းမျက်ခွံများ တိတိပပ ဖွင့်ဟလာကြသည်။ပခုံးကို လက်နှင့်ဆုပ်ရင်း အနောက်လှည့်ကြည့်တော့ ကိုကို့တူ အလတ်ကောင် ခြေတစ်ပေါင်ကျိုး ခုန်နေပြီး နှုတ်ခမ်းတွင် လက်ညှိုးတေ့ပြသည်။ပြီးသည်နှင့် အိမ်ထောင့်ရှိ စည်ပိုင်းကြီး၏အနောက်ဘက် အကွယ်တစ်နေရာသို့ ၀င်ပုန်း၏။
"စောစောက လူတွေရော"
အိပ်ချင်မူးတူး မျက်လုံးအစုံကို လက်ခုံဖြင့်ဖိပွတ်ရင်း ယောင်းနှင့်ထယ်ဟူသော ညီအစ်ကိုနှစ်ယောက်ကို ထယ်ယောင်း ကျီးကန်းတောင်းမှောက်ရှာကြည့်သည်။မာလကာပင်ကြီးက ဒီအတိုင်းပါပဲ။လူသူလေးပါးဆိုလို့ ထယ်ယောင်းနှင့် ကိုကို့တူ အလတ်ကောင် ဇီးသီးသာရှိသည်။ဒီလိုဆို စောနက မြင်လိုက်တွေ့လိုက်ရတာတွေက
"အိပ်မက်ပဲလား"
စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကို ဖွကုတ်ပစ်ရင်း အိမ်ထဲတစ်ချက်လှမ်းကြည့်ရသည်။ကိုကိုနှင့်ပွဲစားအမျိုးသမီး စကားပြောနေကြတာ အခုထိ ပြီးသေးပုံမရ။
"အိပ်မက်က တကယ်ကြီးအတိုင်းပဲ"
အိပ်မက်ထဲတွင် မက်မက်စက်စက် ရှိုက်သွင်းရယူခဲ့သော မြေနံ့နှင့် အနံ့အသက်တစ်ချို့ အခုထိတိုင် ထယ်ယောင်း အနံ့ခံအာရုံထဲ ကပ်စွဲညိတွယ်ကျန်ရစ်သေးသည်။
ထူးခြားသင်းမြသော အနံ့တစ်မျိုး။စကားပန်းနံ့နှင့် ခပ်ဆင်ဆင်တူသည်။သို့သော်ငြားလည်း စိမ်းရွှေရွှေအနံ့မျိုးတော့ မဟုတ်။
YOU ARE READING
အတိတ်၏ရနံ့
Fanfictionမပြီးဆုံးသေးတဲ့ ဇာတ်လမ်းတစ်ပုဒ်... လူသုံးဦးကြားက ချစ်ခြင်း....