“လှလိုက်တာ”
ထယ်အီဆိုသော ထိုပုဂ္ဂိုလ် ပန်းကောက်နေသည်ကိုကြည့်၍ ထယ်ယောင်းသည်လည်း ထိုသူ၏ နံဘေးတွင် ဆောင့်ဆောင့်ထိုင်ချမိသည်။ယင်းမှာ မိမိကို မမြင်ရမှန်း မျက်နှာရှေ့လက်အဝှေ့တွင် သိလိုက်ရရာ အကြင်သူ၏မျက်နှာကလေးကို တရှိုက်တ၀ ငေးကြည့်နိုင်ရန် ဤသို့ ပြုမိခြင်းပါပေ။
“ဒီလောက်လှပြီး စိတ်ရင်းသဘောကောင်းတဲ့အစ်ကိုမျိုးကို ဟိုဆိုးပေက ဘာ့အတွက်နဲ့ ကြိမ်းမောင်းနေရသလဲ”
တစ်ပွင့်ချင်းကောက်ယူ၍ လက်ခုပ်ခွက်ထဲ ထည့်ခံထားသော စကားကြွေများထဲက တစ်ပွင့်ကို ထယ်ယောင်းမျက်နှာကလေး ရှေ့သို့အသာကုန်းညွှတ်၍ ရှိုက်နမ်းမိ၏။ထိုသူ၏ လက်ဖဝါးမှ မွှေးသင်းနေဟန်ရှိသော အမွှေးနံ့သာတစ်မျိုးနှင့် စကားပန်း၏ အနံ့ရွှင်ရွှင် စပ်ပေါင်းသည့်အခါတွင် ထူးခြားသင်းမြသော အနံ့တစ်မျိုး ရှူရှိုက်မိရသည်။
“ဒီလူကတော့ နတ်သားပဲ၊မိုးပေါ်ကနေမှ အတောင်ညောင်းပြီး ကြွေကျလာပုံရတယ်”
စိမ်းဖန့်ထူထဲသော စင်ရော်တောင် မျက်ခုံးသွယ်ကလေးက ဖြူဖြူ၀င်း၀င်း နဖူးပြင်နှင့် ပနံရလှ၏။ခေါင်းငုံ့ထားသည့်တိုင် မြင့်၍ထင်းပေါ်သော နှာတံချွန်က မြမြကလေး၊ထိပ်ကလေး မသိမသာ လုံးသည့်တိုင် ဘေးတိုက်ကြည့်တော့ အတော်ကလေး လှ၏။မေးရိုးမှာ သူ့အဆစ် သူ့အချိုးနှင့် ထောင့်ဒီဂရီ ချိုးထားပုံက ပြေပြစ်သည်။နေပါအုံး…ဒီလူ မလှတဲ့နေရာကော ရှိပါသေးသလား။
“ကျွီ”
ငေး၍ကောင်းဆဲတွင် ခြံကြီး၏အပြင်ဘက်ဆီမှ ကားစက်သတ်သံကြားရသည်။သစ်သားတံခါးရွက် ထည်ထည်ကြီးကို ခြံစောင့်နှစ်ဦး အပြေးတစ်ပိုင်း ဖွင့်ကြပြီးသည့်နောက် စူပါရုဖ်နှင့် ခပ်ဆင်ဆင်တူသော ရှေးဟောင်းကားတစ်စီး ချိုး၀င်လာသည်။ဘာအမျိုးအစားမှန်း မသိရ။မခန့်မှန်းတတ်။
ကားပေါ်မှ ကိုယ်နေဟန်ထား ခပ်ကျော့ကျော့နှင့် သန့်ရပ်သန့်ပြန်စွာ ၀တ်စားဆင်ပြင်ထားသော လူတစ်ယောက် ဆင်းချလာသည်။တိုက်ပုံ လည်ကတုံးနှင့် မလေးရှားဖြစ် ချည်ချောလုံချည်တစ်ထည်ကို ခါးပတ်တပ်၍ ခပ်လျော့လျော့စည်းထားပြီး ယင်း၏ဆံအုံကောင်းကောင်းမှာ သံလွင်ဆီလိမ်း၍ ဖိထားသဖြင့် ပိပြားနေပြီး နဖူးပြင်ကား ထင်းထင်းပေါ်နေ၏။အဝေးမှ မထင်မရှား မြင်ရသည်ပင် လူပုံကတော့ အချောသား။နေပါအုံး ဒီလူ့မျက်နှာကျမျိုး ထယ်ယောင်း ရင်းနှီးနေသလားလို့။
![](https://img.wattpad.com/cover/382789093-288-k847718.jpg)